ဇာတ်သိမ်းပိုင်း (U)

6.9K 791 22
                                    

【 Unicode 】

ကောကျင်းရှန်သည် မိမိထက် အသက် ၇ နှစ်
ပိုငယ်သောကောင်လေးတစ်ယောက်ကို
ချစ်မိခဲ့ခြင်း။

သူ နေ့လယ် ၁ နာရီ၊ ၁၆ မိနစ်လောက်တွင်
ရောက်မည်ဟု ခန့်မှန်းရသည်။ ကောကျင်းရှန်က
'ထိုင်ပေ့'သို့ ထွက်ခွာမည့် ရထားပေါ်တွင်
ထိုင်နေရင်း လက်ပတ်နာရီကို ငဲ့ကြည့်လိုက်၏။

ရုတ်တရက်ဆိုသလိုပဲ သူ့အနောက်ဘက်မှ
ကလေးတစ်ယောက်က ဘွားခနဲပေါ်လာသည်။
ထိုကလေးက သူ့ထိုင်ခုံကို မှီထားရင်း တခစ်ခစ်
ရယ်ကာ သူ့ကို ပြုံးရွှင်စွာ လက်ဝှေ့ယမ်းပြလျက်။ သူ လှည့်ကြည့်ကာ ကလေးကိုပြုံးပြရင်း အလိုလိုလက်မြှောက်ပြီး ပြန်ဝှေ့ယမ်းမည်ပြုရာ
သူ့လက်ဖဝါးအတွင်း ဆုပ်ကိုင်ထားသည့်တစ်စုံတစ်ရာကို အမှတ်ရသွား၏။

ထိုအရာက ကိတ်မုန့်ဆိုင်တစ်ဆိုင်၏လိပ်စာကတ်ပင်။ ဒီမနက် သူ အိမ်မှထွက်ခွာလာချိန်၊
ထိုလိပ်စာကို ချရေးဖို့မေ့သွားသဖြင့် အိမ်သို့
နောက်တစ်ခေါက်ပြန်သွားရသေးသည်။

ကိတ်မုန့်ဆိုင်က သူ ယခင် တက်ခဲ့သော
တက္ကသိုလ်အနီးမှာ တည်ရှိပြီး နာမည်ကြီးသည်။
သူ သီးဆစ်ပြုစုစဥ်က ထိုဆိုင်မှကိတ်မုန့်များကို
ဝယ်ယူပြီး သူ့အဖွဲ့ကို ပေးကာ အချိုတည်းလေ့
ရှိသည်။

ထိုတနင်္ဂနွေည၌ ကျန်းဖော့ကျန်အပြန်မှာ
သူ လိုက်ပို့ပြီးနောက်၊ ရှစ်လက်မအကျယ်ရှိသော whipped cream cake တစ်လုံးကို
ဖုန်းဆက်မှာယူခဲ့၏။ အသိဝင်လာတော့မှ
သတိထားမိသည်မှာ သူ ဘာမှမစဥ်းစားဘဲ
ပြုမူလိုက်ကြောင်းကိုပင်။

ပုံမှန်ဆိုလျှင် ယခုအချိန်တွင် သူ ရုံးမှာဖြစ်သည်။
သူ့ရုံးက သုတေသနပိုင်းနှင့် ဆက်နွှယ်နေပြီး
အထက်တွင် ဦးဆောင်သည့်စီနီယာများရှိကာ
သူ့ကိုလည်း လမ်းညွှန်ကြည့်ရှုပေးကြ၏။
အလုပ်လုပ်ရတာ စိတ်ချမ်းသာစရာကောင်းပြီး
လွန်ခဲ့သောလအနည်းငယ်တုန်းက တက္ကသိုလ်သို့ပြန်သွားဖို့၊ သုတေသနပိုင်းမှာ ကူညီပေးဖို့
အခွင့်အရေးရရှိသော်လည်း သူ ငြင်းဆိုပစ်ခဲ့
သည်။

ယနေ့မှာတော့ နေ့လယ်နားချိန်ရောက်သည်နှင့်
သူ အထက်လူကြီးဆီသွားကာ နေ့တစ်ဝက်
ခွင့်ယူဖို့ တောင်းဆိုခဲ့ခြင်း။ ထို့နောက် သူ
ဘာမှမစဥ်းစားတော့ဘဲ အိမ်သို့ပြန်ကာ၊
လိပ်စာကတ်ကိုယူပြီး လက်မှတ်တစ်စောင်ဝယ်၍ ရထားပေါ်သို့ တက်လာခဲ့၏။ ထိုအခါမှသာ
သူ စာရွက်စာတမ်းထည့်သည့်အိတ်ကိုပါ
ယူဆောင်လာမိကြောင်း သိလိုက်ရသည်။

နှလုံးသားဟာ ဖန်လို || ဘာသာပြန် [COMPLETED]Where stories live. Discover now