အခန်း ( ၃၂)- (ဇာတ်သိမ်းပိုင်း)

6K 164 77
                                    

{ Unicode Version }

ကျယ်ပြောလှသည့်ပင်လယ်ပြင်ကြီးဆီမှ ပုတ်ထုတ်လိုက်သည့် ရေလှိုင်းငယ်လေးများသည် အမှောင်ယံအောက်တွင် တလက်လက်တောက်ပနေသည့် သဲသောင်ပြင်သို့ လာရောက်ပုတ်ခတ်နေလေ၏။

သဲသောင်ပြင်ထက်မှ တလက်လက်ထနေသည့် သဲမှုန့်သဲပွင့်များနှင့်အတူ ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းခြုံထားသည့် မိုးကောင်းကင်ကြီးတွင်လည်း များစွာသောကြယ်များက တဖိတ်ဖိတ်တောက်လျက်။

မီးတိုင်များအား တစ်ဖက်ကို ခုနှစ်တိုင်ခန့် အကွာအဝေးတူစွာ စိုက်ထူထားသည်ပုံက လျှောက်လမ်းသဖွယ်။

လျှောက်လမ်းအဆုံးတွင်တော့ စားစရာအပြည့်ခင်းထားသည့် စားပွဲတစ်လုံးနှင့် လူခြောက်ယောက်စာ ထိုင်ခုံခြောက်ခုံခင်းထားလေသည်။

မလှမ်းမကမ်းမှာတော့ မီးကျဉ်သံတစ်ဖောက်ဖောက်နှင့် လှပနေသော မီးပုံလေးတစ်ခုရှိလေ၏။

'' ကဲ အားလုံးလည်း ပျော်ကြမယ်ထင်ပါတယ်၊ နောက်လည်းမကြာမကြာ ဒီလိုခရီးတွေထွက်ကြတာပေါ့...Cheer ''

ဘုန်းသာလျှံ စကားပြောနေရင်းမှ ဝိုင်ခွက်ကိုမြှောက်ပြလိုတော့ ကျန်သူများကလည်း ထိုအတိုင်း မြှောက်လိုက်ပြီး ခွက်ချင်းတိုက်လိုက်ကြသည်။

စားပွဲပေါ်မှ စုံလင်လှသည့်အစားအသောက်တွေထဲမှ ကိုယ်နှစ်သက်ရာအသီးသီးယူစားနေလိုက်ကြသည်။

'' ဟတ်....ဟတ်ချိုး...''

နေ့သစ် သူ့နှာခေါင်းလေးသူအုပ်ကာ အသံတိုးတိုးဖြင့် နှာချေလိုက်၏။

'' ဒါဆို..ကျွန်တော်တို့အရင်ဝင်နှင့်ပါမယ်ဗျ၊ နေ့ ကလည်း နှာစေးနေပြီဆိုတော့ လေစိမ်းခံလိုက်ရင် ဖျားသွားမှာဆိုးလို့ ''

'' ဟာ...မင်းကလည်း၊ ဘာမှမဖြစ်ပါဘူး ငါ ရပါသေးတယ် ''

နေ့သစ် ငြင်းလိုက်တော့ မင်းသန့်ကိုကိုက နေ့သစ်လက်အားဆုပ်ကိုင်လိုက်ပြီး

'' ဘာလဲ နေ့က အားနာလို့လား၊ ဒီလူနဲ့ဒီလူ အားနာစရာလိုလို့လား၊ နေ့ နေမကောင်းမဖြစ်ဖို့က အရေးကြီးတယ်လေဗျာ ''

ချစ်သူ့ရင်ခွင်ထက်ဝယ် (မောင့်ချစ်သူ) [ Complete ] Where stories live. Discover now