အခန်း - ၂ (U+Z)

7.4K 665 2
                                    

(Unicode)

အခန်း - ၂

မင်းသားငယ်သည် သူ၏ ယာယီနန်းဆောင်မှ ထွက်လာသည်နှင့် ငယ်ကျွန် ဖေငယ်က အင်ကြင်းဖြူကို ဇက်ကြိုးဖြုတ်၍ အရိပ်အောက်၌ အသင့်စောင့်စားနေသည်။ ဒူးကိုတုပ်ကာ ခေါင်းကို ငုံ့၍ အရှင် မင်းသားအား ရိုသေကြောင်းကို ပြရသည်။ ဒူးတုပ် ထိုင်ထားရမှုကြောင့် ဖေငယ်၏ ခြေဖဝါးတို့က နာကျင် ကိုက်ခဲလာသည်။ သို့သော် အရှင်မင်းသား၏ ရှေ့တော်မှောက်၌ နာကျင်မှုကို အဘယ်သို့သော သတ္တိမျိုးဖြင့် ဖေငယ် ပြရဲမည်နည်း။ နာကျင်မှူကို အံကြိတ်ခံရင်း ဖေငယ်သည် ဒူးတုပ်၍သာ ထားရှာသည်။ အံကြိတ်ထားရမှုကြောင့် ဖေငယ်၏ နှုတ်ခမ်းသည် ပေါက်ပြဲကာ ခံတွင်းမှ ငံကျိကျိ အရသာကိုပင် ဖေငယ် ခံစားရချေပြီ ဖြစ်သည်။

" ဟေ့...ဒိဗ္ဗ သင့်မလည်း ကြာချေပြီကော၊ ဒီအရှင်ကို စောင့်စားစေတယ်လား "

" မဝံ့ကြောင်းပါ အရှင် မင်းသား၊ ဒိဗ္ဗစီးတော်မြင်း ငသန်နွယ်က ပေကပ်ကပ်နိုင်တာကြောင့် ဆုံးမပြီး ထွက်လာတာပါ "

" ထားတော့...စောဝဏ္ဏတို့ စန္ဒိတို့ရော ပါပြီမဟုတ်လား၊ ကဲ...နေမညိုခင် တောရိပ်ကို အမြန်သွားကြရအောင်ဟဲ့ "

" အမိန့်အတိုင်းပါ အရှင်မင်းသား "

တပ်မှုးဒိဗ္ဗသည် မင်းသားစက္ကအား လျှောက်တင်ပြီးနောက် စောဝဏ္ဏထံ၌ အသင့်ကြိုးကိုင်လာသည့် မြင်းတစ်ကောင်ကို ဖေငယ်အား ပေးလိုက်သည်။ ထိုအခါမှ ဖေငယ်သည် မြင်းပေါ်သို့ တက်၍ ခရီးဆက်ရန် ပြင်သည်။ ငယ်ကျွန်တစ်ယောက် အနေနှင့် မြင်းစီး၍ လိုက်ပါလာသည်ကို မင်းသားစက္က သဘောမကျသော်လည်း အချိန်မနှောင်းစေရန် အတွက် ထိုအရေးကို လျစ်လျူရှူ့ကာ ထားလိုက်သည်။ ထို့နောက်တွင် မင်းသားငယ် အပါအဝင်၊ တပ်မှူး ဒိဗ္ဗ၊ မြင်းထိန်း စောဝဏ္ဏ၊ စန္ဒိ နှင့် ဖေငယ်တို့ ငါးဦးသားသည် မင်းသားတောပစ်ထွက်ရန် အတွက် မဏိဟေဝန် တောမြိုင်သို့ ဦးတည်၍ အသော့ နှင်ကြလေတော့သည်။

ငါးယောက်သား ခရီးကို အချိန်မနှောင်းရန် အပြင်း နှင်လာကြသည့်အတွက် ညနေခင်း အချိန်လောက်တွင် မြင်းများ ပမ်းကာ အမြုပ် စီနေကြသည်။ ထို့အတွက် မင်းသားစက္ကသည် သူ၏ အင်ကြင်းဖြူပေါ်မှ ဆင်းလိုက်သည်။ မင်းသား စက္က၏ မြေပြင်သို့ ဆင်းသက်မှုကြောင့် သူ၏ နောက်၌ ပါလာသည့် အမှုထမ်း အားလုံးက မြေပြင်ပေါ်သို့ ပြိုင်တူ ဆင်းလိုက်ကြသည်။ ဖေငယ်သည် သူ၏ မြင်း၌ အသင့်ပါလာသည့် ကတ္တီပါနီ ကော်ဇောကို ယူကာ မင်းသားစက္ကထိုင်ရန် ခင်းပေးလိုက်သည်။ မင်းသားစက္ကသည် ထိုကောဇောနီပေါ်၌ ထိုင်ရင်း တပ်မှုးဒိဗ္ဗအား ကြည့်လိုက်သည်။

The Story Of A Prince (Complete - BL)Where stories live. Discover now