အခန်း - ၃၁ (U+Z)

1.4K 152 0
                                    

(unicode)

အခန်း - ၃၁

      စက္ကပါလ၏ အမိန့်ကို မည်သူက နှောင့်နှေးရဲမည်နည်း။ အခြား အခြေအနေများတွင်တောင်မှ မြေဝယ်မကျ လိုက်နာကြရသည့် အမှုထမ်းများ။ ယခု စက္ကပါလ၏ အသံက ဒေါသကြောင့် တုန်ယင်နေပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသေးသည်။ စူးရဲနေသော မျက်လုံးနှင့် သူ၏ ပုံစံအရ မည်မျှ ဒေါသထွက်နေကြောင်း သိသာသည်။ ထို့အတွက် ဒိဗ္ဗသည် ရှိရာနေရာမှ ရုတ်ချည်း ထထွက်သွားပြီး မင်းသားကြီး၏ ယာယီနန်းဆောင်ရှိရာသို့ သွားသည်။ မင်းသားကြီးသည် ဒိဗ္ဗထံမှ လျှောက်တင်ချက်ကို ရလျှင်ရခြင်း စက္ကပါလထံသို့ ခပ်မြန်မြန် ထွက်ခွာသွားသည်။

" ညီတော်... ဘယ်အရေးကြောင့် အစ်ကိုတော့်ကို အခုချက်ချင်း အလာခိုင်းရတာလဲ "

" အရေးကြီးတယ် အစ်ကိုတော် ဒီက အပျိုတော် ​ပြောတဲ့စကားကို သေချာနားထောင်ပါ၊ ဟဲ့... အပျိုတော် ယဥ်ထွေး မင်းသားကြီးကို ​အခုဏက စကား ပြန်လည် လျှောက်တင်လိုက်စမ်း "

" ဟုတ်ကဲ့...မှန်လှပါ အခု ပြည့်ရှင်ဘုရင် မင်းသား ဟိံသက,က ယခင် ပြည့်ရှင်ဘုရင် ထီးဘုရားကြီး မရိန်ဓရဲ့ သားအရင်း မဟုတ်ပါဘူး..."

" ဘယ်လို...ယဥ်ထွေး သေချာသလား "

" မှန်လှပါ...ယဥ်ထွေးက အသက်နဲ့ရင်းပြီး အာမခံနိုင်ပါတယ်၊ မိဖုရားကြီး နဲ့ သူရဲ့သားတော်တို့ အချင်းချင်း ပြောနေတာကို ယဥ်ထွေးနားနဲ့ ဆက်ဆက်ကြားခဲ့တာပါ၊ ဒီသတင်းကို ရလျှင်ရခြင်း မင်းသားနှစ်ပါးထံ အရဲစွန့်ပြီး လာရောက် လျှောက်တင်တာပါ "

       အပျိုတော် ယဥ်ထွေးက ခေါင်းကိုငုံ့၍ လျှောက်တင်လိုက်သည်။ မင်းသားကြီးသည် ယဥ်ထွေး၏ လျှောက်တင်ချက်ကို သေသေချာချာ စဥ်းစားသည်။ ယုံကြည်ရန် ခဲခက်လှသော်လည်း ယဥ်ထွေးအနေဖြင့် လိမ်ညာရန်လည်း မဝံ့လောက်ချေ။ ထို့အတွက် မင်းသားကြီးက သူ၏ ညီတော် စက္ကပါလအား ကြည့်လိုက်ရင်း...

" ညီတော်... မင်းကရော ဘယ်လိုထင်လဲ ယဥ်ထွေးရဲ့ လျှောက်တင်ချက်က ယုံကြည်ရပါ့မလား..."

" ယဥ်ထွေးကို ယုံကြည်နိုင်ပါတယ် အစ်ကိုတော် ယဥ်ထွေးက ယခင်က မယ်တော့်ရဲ့ အလုပ်အကျွေးပြုရသူပါ ပြီးတော့... မင်းတော်က သူမအပေါ် ကျေးဇူးကြွေး ရှိနေလေတော့ "

The Story Of A Prince (Complete - BL)Where stories live. Discover now