အခန်း - ၂၆ (U+Z)

1.4K 161 0
                                    

(unicode)

အခန်း - ၂၆

        မြို့ရိုးထက်၌ မြို့စောင့်တပ်မှူးသည် အဝေးဆီသို့ ငေးကြည့်နေသည်။ သူ့မျက်လုံးတို့က စူးရှတောက်ပနေပြီး သူ့တာဝန်ကို ဂရုတစိုက် ထမ်းဆောင်နေခြင်းလည်း ဖြစ်သည်။ မကြာသေးမီက ​နန်းမြို့တော်ဆီမှ ထွက်ပေါ်လာသည့် မဟာ ဗဟိုရ်စည်တော်သံ ကြောင့်လည်း သူက သတိရှိနေခြင်း ဖြစ်သည်။ မဟာ ဗဟိုရ်စည်တော်၏ ကြီးမြတ်မှုနှင့် အရေးပါမှုကို တပ်မှူးတစ်ယောက် အနေဖြင့် သူက ကောင်းစွာ သိရှိထားသည်။ ထို့အတွက်ကြောင့်လည်း သူက သာမန်ထက် သတိ ဝီရိယ ပိုနေမိခြင်းပင် ဖြစ်၏။

" ဟဲ့...တပ်သားရဲကျော် မြို့ရိုးအစောင့်တွေကို သာမန်ထက်ပိုပြီး တင်းကျပ်လိုက်စမ်း၊ ကျားကန်ထားတဲ့ ကန့်လန့်တုံးတွေကိုလည်း နောက်တစ်ဆင့် ထပ်မြှင့်လိုက် "

" အမိန့်အတိုင်းပါ မြို့ရိုးစောင့် တပ်မှူး "

          တပ်သားရဲကျော်က ဒူးထောက်၍ အမိန့်ကို လက်ခံယူလိုက်သည်။ ထို့နောက်တွင် သူက နေရာမှ ချက်ချင်းထသွားပြီး လုပ်ဆောင်စရာရှိသည်များကို လုပ်ဆောင်လိုက်သည်။ ရုတ်ချည်း မြို့ရိုး၏ အစောင့်အကြပ်နှင့် ခိုင်ခံ့မှုက နှစ်ဆတိုးသွားသည်။ မြို့စောင့်တပ်မှူးက မြို့ရိုး၏ မျှော်စင်ပေါ်၌ ထိုင်ကာ လေးဘက်လေးလံကို လေ့လာ အကဲခတ်လျက် ရှိ၏။ အဝေးဆီမှ အုံလိုက်ချီတက်လာသည့် စစ်သည်များကို တွေ့သည့်အခါ ရုတ်တရက် သူက မင်သက်သွားသည်။ အဘယ်အရေးကြောင့် ဤမျှ အတိုင်းအတာရှိသော အင်အားဖြင့် ချီတက်လာရပါသနည်း။ ဤအရေးသည် သာမန်မဟုတ်နိုင်ကြောင်း သူတွေးမိ၏။

         မြို့ရိုး၏ အနားသို့ လူတစ်စု ချီတက်လာသည်။ မင်းသားကြီး၏ အုပ်စုနှင့်အတူ အခြားသော ရုပ်ဖျက်ထားသည့် ကျားစစ်တပ်များ။ အင်အားရာချီသော လူစုက ပြောက်ကျားစနစ်ကို အသုံးပြု၍ ချီတက်လာသည်။ အနီးအနားသို့ရောက်သည့်အခါ သူတို့က သက်ပြင်းချလိုက်သည်။ သူတို့ မြင်လိုက်ရသည့်အရာက သာမန်ထက်ပိုသော အစောင့်တပ်များနှင့် နှစ်ဆမြှင့်တင်လိုက်သည့် အင်အား။ မင်းသားကြီးသည် သူ၏ ကျားစစ်တပ်ကို လက်ဝှေ့ယမ်းပြလိုက်သည်။ သူ၏အချက်ပြမှုကို မြင်ရသည့်အခါ ကျားစစ်တပ်သည် သူ့အနားသို့ လာရောက်စုဝေးကြကုန်၏။

The Story Of A Prince (Complete - BL)Where stories live. Discover now