အခန်း - ၁၂ (U+Z)

2.7K 299 12
                                    

(unicode)

အခန်း - ၁၂

သူနိုးလာတော့ ရောက်နေသည့် နေရာက သူနှင့် အနည်းငယ် စိမ်းသက် နေသည်ဟု ခံစားရသည်။ ထို့အတူ အောက်သိုးသိုး ဆိုးဝါးဖွယ် အနံ့များ၊ အနည်းငယ် ညှီစို့စို့ နိုင်သည့် အနံ့တို့ကြောင့် သူက အိပ်ရာမှ အလောတကြီး ထလိုက်သည်။ ထိုအခါမှ သူသတိထား မိလိုက်သည့် အရာက ပတ်ဝန်းကျင်တိုင်း လိုလိုက မှောင်မည်းနေသည်။ အလင်းရောင်ဟူ၍ စိုးစိမှ မရှိ။ အရာရာက အမှောင်ထုသည်သာ ကြီးစိုး၍ နေသည်။ စက္ကပါလသည် ကြောက်ရွံ့သည့် စိတ်ကို အားတင်းရင်း ရှေ့ဆက်သည်။ ခပ်သွက်သွက် မသွားရဲဘဲ အမှောင်ယံထဲ၌ လက်နှင့် စူးစမ်းကာ သွားလာနေရသည်။

" အား...ဘာကြီးလဲ "

ပျော့စိစိနှင့် အေးစက်စက် အရာကို လက်နှင့် ချလိုက်မိသည့် အတွက် သူက အော်ဟစ်လိုက်သည်။ ထို့အတူ ထိုအရာက သူ၏ လက်ပေါ်မှတဆင့် လျှောက်သွားကာ တဖက်သို့ ထွက်ခွာသွားသည်။ မြေပြင်၌ ရှပ်တိုက်ကာ တွားတွား သွားနေသည့် အသံကို သူက အတိုင်းသား ကြားနေရသည်။ သူက စူးစမ်းကာ သွားနေသော်လည်း မည်သည့်အရပ်ကို သွားနေသည်မှန်း သူမသိချေ။ ပထမအတွေ့ အကြုံနှင့်ပင် ချွေးပျံအောင် ကြောက်သွားသည့်အတွက် သူက လက်ကို ထပ်မံ၍ အသုံးမပြုရဲတော့ချေ။ ထို့ကြောင့် ညာခြေကို တဖြည်းဖြည်း ရှေ့တိုးကာ နင်းကြည့်လိုက်သည်။

" ဘန်း..."

" အား...သေပါပြီ ငါ့ရဲ့ မြီးညှောင်ရိုးလေး "

ခပ်မာမာတင်းတင်း ရှိနေသည့် အရာဝတ္ထုကို နင်းလိုက် သော်လည်း ချော်ချွတ်နေသည့်အတွက် သူက လဲကျသွားသည်။ လဲကျသွားသည် ဆိုသော်လည်း အထိန်းအကွပ် ကင်းမဲ့နေသည့်အတွက် ခြေပစ်လက်ပစ် လဲကျသွားခြင်းမျိုး ဖြစ်သည်။ အမှောင်ထဲ၌ သူက မြီးညှောင်ရိုးကို ပွတ်သပ်ရင်း တကျွတ်ကျွတ်နှင့် စုတ်သပ် နေသည်။ ထိုစဥ် တဂီးဂီးနှင့် အနီး အနားမှ အော်မြည်လာသည့် အသံကြောင့် သူ၏ ကျောဘက်မှ အေးစက်မှုကို သူက ခံစားလိုက်ရသည်။ ထို့အတူ တကိုယ်လုံး ရှိန်းကနဲ ထလာသည့် ကြက်သီးမွေးညင်းတို့က သူ၏ ကြောက်စိတ်ကို ပို၍ တိုးစေသည်။

The Story Of A Prince (Complete - BL)Where stories live. Discover now