အခန်း - ၄ (U+Z)

4.9K 477 7
                                    

(Unicode)

အခန်း - ၄

စေသုဒ္ဓါပြည်ထောင်၏ နန်းမြို့ရိုး အရှေ့သို့ လူလေးယောက်က မြင်းငါးကောင်၊ အထုပ်တစ်ထုပ်နှင့်အတူ ရောက်ရှိလာသည်။ လူသုံးယောက်သည် မြင်းဇက်ကြိုးကို ဆွဲ၍ လမ်းလျှောက်လာပြီး တစ်ဦးတည်းသော လူသည်သာ မြင်းဖြူကြီး ပေါ်၌ အခန့်သင့် လိုက်လာပါသည်။ နန်းမြို့ရိုးပေါ်မှ တာဝန်ကျသည့် တံခါးမှူးသည် မြို့ရိုးအောက်သို့ ငုံ့ကြည့်လိုက်သည်။ သူသည် မြင်းပေါ်၌ အခန့်သင့် လိုက်ပါလာသူအား မြင်သည်နှင့် တုန်ယင်၍ သွားသည်။ ထို့နောက် သူက လက်ဟန်အမူအရာ တစ်ခုကို ပြ၍ မြို့ရိုးပေါ်မှ အပြေးအလွှား ဆင်းလာသည်။

" အရှင်မင်းသား ရောက်ရှိလာပြီ၊ မြို့ရိုးတံခါးတွေကို ခပ်မြန်မြန် ဖွင့်လိုက်ကြစမ်း "

" အရှင်မင်းသား... ကြန့်ကြာမှုအတွက် မာရိ တောင်းပန်ပါတယ် "

ယနေ့ တာဝန်ကျသည့် တံခါးစောင့် တပ်မှုးက ပြောလိုက်ခြင်း ဖြစ်သည်။ သို့သော် မင်းသားငယ် စက္ကပါလသည် ထိုတံခါးစောင့် တပ်မှုးထံသို့ အကြည့် တစ်ချက်သာ ပို့လွှတ်၍ သူ၏ မြင်းဇတ်ကြိုးကို လှုပ်လိုက်သည်။ ဇတ်ကြိုးလှုပ်လိုက်သည်နှင့် သူ၏ အင်ကြင်းဖြူသည် အလိုက်သိစွာဖြင့် မြို့ထဲသို့ ဝင်ရောက်သွားသည်။

စက္ကပါလ အနေဖြင့် စေတုဒ္ဓါပြည်ထောင်သို့ ပြန်မလာသည်မှာ သုံးနှစ်ကျော်ပြီ ဖြစ်သည်။ သူသည် သူ၏ ဖခမည်းတော် မရိန်ဓ၏ ချီးမြှင့်ထားသော မြို့ငယ်၌သာ မြို့စားအဖြစ် သွား၍ စံမြန်းနေသည်။ ယခု သံတော်ဆင့်သံလည်း မကြား၊ ပြည်ထောင်မှ သတင်းလည်း မရောက်နှင့် ရုတ်တရက် ရောက်လာသည့်အတွက် အမှုထမ်းအားလုံးက သူ့အား ထူးဆန်းစွာ ကြည့်နေကြသည်။ သို့သော် မင်းသားငယ် စက္ကပါလသည် သူ့ကိုကြည့်နေသည့် လမ်းတစ်လျှောက်မှ အမှုထမ်းအားလုံးကို ဂရုမထားဘဲ သူ့လမ်းကိုသာ ဆက်၍ သွားနေသည်။ သူဦးတည်နေသည့် နေရာက စေသုဒ္ဓါပြည်ထောင် ဘုရင် မရိန်ဓ၏ စံမြန်းရာ နန်းဆောင်ပင် ဖြစ်သည်။

" အရှင်မင်းကြီးကို သတင်းပို့ပါတယ် မင်းသားငယ် စက္ကပါလက အရှင်မင်းကြီးရဲ့ နန်းဆောင်အရှေ့ကို ရောက်ရှိနေပါပြီ "

The Story Of A Prince (Complete - BL)Where stories live. Discover now