အခန်း - ၈ (U+Z)

2.9K 329 0
                                    

(Unicode)

အခန်း - ၈

လူတစ်စု၊ ဓားကိုးလက်၊ အထုပ်တစ်ထုပ်။ သေသေချာချာ ပြောပါက လူတစ်စုထပ်တော့ ပိုသည်။ သွက်လက်၍ လျှပ်တပြတ် လှုပ်ရှားမှုများကြောင့် ထိုလူစုက စနစ်တကျ လေ့ကျင့်ထားကြောင်းလည်း သေချာနေပြန်သည်။ ကိုးယောက် လှုပ်ရှားနေသော်လည်း မြန်ဆန်မှူကြောင့် လူဦးရေကို ချင့်တွက်မရအောင် ဖြစ်ရသည်။ ဤမျှလောက် ကျပ်ကျပ်မတ်မတ် ချထားသည့် လှည့်ကင်းများကြား၌ အများမသိအောင် လှုပ်ရှားနေခြင်းကိုက သူတို့၏ စွမ်းရည်ကို ပေါ်လွင်နေသည်။ အားလုံးက ဓားရှည်များကို လွယ်ပိုးထားပြီး နှဖူး၌ အဝတ်နီများ စည်းနှောင်ထားသည်။ ထိုအချက်အရ အသင်းအဖွဲ့ တစ်ခုတည်းမှ ဖြစ်ကြောင်းကိုလည်း ပေါ်လွင်နေပြန်၏။

နန်းမြို့ရိုး၏ ဘေးမှ နန်းတော်ဂိတ်တံခါးအထိ အဆင်ပြေပြေ ချဉ်းကပ်လာကြပြီးနောက် မလွယ်ပေါက်မှ နန်းတော်ဝန်းထဲသို့ ဝင်ကာ မြေပြင်၌ ကိုယ်ကို တစ်ပတ်လှိမ့်ကာဖြင့် အထဲသို့ ဝင်ရောက်လိုက်သည်။ ညီစီနေသည့် လှုပ်ရှားမှုနှင့် ဖျတ်လက် မြန်ဆန်မှုကြောင့် အသံဟူ၍ စိုးစိမှ ထွက်ပေါ် မလာခဲ့ချေ။ နန်းတော်ဝန်းထဲသို့ ရောက်သည့်အခါ အချင်းချင်း နားလည်နိုင်သည့် လက်ဟန် သင်္ကေတများကို ပြုလုပ်လိုက်ကြပြီး တစ်ယောက်သော သူက ခပ်ကုတ်ကုတ် ပြေးလွှားကာ နံရံတစ်ခု၌ ကျောကပ်လိုက်၏။ လှုပ်ရှားမှုက အတော်ကလေး လျှင်မြန်လှ၏။ ထိုလူက ဘေးဘီဝဲယာကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ ညာလက်ကို မြှောက်ပြလိုက်သည်။ ထိုအခါ ကျန်လူများကလည်း သူ့နည်းအတိုင်း ခပ်ကုတ်ကုတ် သွားကာ နံရံ၌ ကျောများ ကပ်လိုက်ကြသည်။

အချိန်အနည်းငယ် လက်ဟန်အမူအရာနှင့် စကားပြောပြီးနောက် အဖွဲ့နှစ်ဖွဲ့ခွဲ၍ နန်းတော်၏ အတွင်းပိုင်းထဲသို့ ဝင်ရောက်လိုက်ကြပြန်သည်။ ယခုအချိန်ထိ ထိုလူတစ်စု လှုပ်ရှားနေသည်ကို မည်သူမျှ ရိပ်မိခြင်း မရှိသေးချေ။ နှစ်ဖွဲ့ခွဲသွားသည့် အုပ်စုတစ်မှ ခေါင်းဆောင် ဖြစ်ဟန်ရှိသူက တစ်ခုသော နန်းဆောင်ကို လက်ညှိုးညွှန်ပြလိုက်သည်။ ထိုနန်းဆောင်က မကြာခင်၌ မဏိရောဂတိုင်း၊ စေသုဒ္ဓါပြည်၏ ရှင်ဘုရင်အသစ် ဖြစ်လာတော့မည့် မင်းသား ဟိံသက၏ နန်းဆောင်ပင် ဖြစ်သည်။ အုပ်စုနှစ်မှ ခေါင်းဆောင်ကလည်း အခြားတစ်ဖက်၌ နန်းဆောင်တစ်ခုကို လက်ညှိုးညွှန်ကြလိုက်ပြန်သည်။ ထိုနန်းဆောင်က မိဖုရားခေါင်ကြီး ပဒုမ္မဒေဝီ၏ နန်းဆောင်ပင် ဖြစ်ချေ၏။

The Story Of A Prince (Complete - BL)Where stories live. Discover now