အခန်း - ၁၇ (U+Z)

2.4K 259 0
                                    

(Unicode)

အခန်း - ၁၇

      စက္ကပါလနှင့် သူ၏ ကိုယ်ရံတော် ဝေဠုမဏိတို့က တောအုပ်အတွင်းရှိ မင်းသားကြီး၏ ယာယီတပ်စခန်း၌ ရှိနေကြသည်။ သို့သော် သူတို့ရောက်ရှိနေသည့် နေရာက မင်းသားကြီး၏ ယာယီတပ်စခန်း မဟုတ်။ ယာယီ အကျဥ်းထောင်ထဲ၌သာ ဖြစ်သည်။ စက္ကပါလသည် အကျဥ်းထောင်၏ ဝါးတိုင်ကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ရင်း ဒူးခေါင်း နှစ်ဖက်ကို ထောင်ကာ ထိုင်နေသည်။ သူ၏ ကိုယ်ရံတော်သည် ယာယီအကျဥ်းထောင်၏ ဝါးလုံးနံရံကို ကျောမှီ၍ ထားပြီး မျက်လုံးစုံမှိတ်ကာ အနားယူနေသည်။ သူ့ပုံစံက အကျဥ်းချခံထားရသည့် လူတစ်ယောက်နှင့်မတူဘဲ မိမိနန်းဆောင်၌ အနားယူနေသည့် မင်းသားတစ်ပါးနှင့် ပို၍ တူနေသည်။

          စက္ကပါလသည် သူ့အားကြည့်ရင်း သက်ပြင်း ချလိုက်သည်။ ထို့နောက် ဝေဠုမဏိ၏ အနားသို့ တိုးကပ်၍ လက်နှင့် အသာလှုပ်ယမ်းလိုက်သည်။ ထိုအခါ ဝေဠုမဏိသည် မျက်လုံးကို ဖွင့်ကာ သူ့အား ရီဝေသည့် အကြည့်နှင့် ကြည့်လိုက်သည်။ သူ့ပုံစံက ဘာလဲဟူသည့် ပုံစံမျိုး ဖြစ်ပြီး စက္ကပါလအား စိတ်ဝင်စားသည့်ပုံ မရှိချေ။ ထိုအခါ စက္ကပါလသည် ဒေါသထွက်သွားပြီး သူ့ခြေထောက်အား တက်နင်းလိုက်သည်။ ဝေဠုမဏိသည် နာကျင်မှုကြောင့် မျက်နှာ ရှုံ့မဲ့သွားသည်။ ထို့နောက် စက္ကပါလအား နားမလည်စွာ ကြည့်ရင်း ဒေါသတကြီးပြောလိုက်သည်။

" နာတယ်ကွ ဘာလုပ်တာလဲ အဲဒါက... "

" ဘာလုပ်တယ်ထင်လဲ မင်းကိုယ်မင်း အနားယူ အပန်းဖြေဖို့အတွက် ရောက်နေတယ်များ ထင်နေလား၊ တစ်ခုခုကို တွေးစမ်းပါ ငါတို့ ဘယ်လိုထွက်သွားကြမလဲ "

" အလကား ဘာတွေတွေးနေအုံးမှာလဲ တွေးစရာလည်း မလိုဘူး ပြေးလို့လည်း မလွတ်ဘူး၊ ဒါက မင်းအစ်ကို အကြီးဆုံးမလား မင်းပြောတော့ မင်းသားကြီးက မင်းကို ချစ်တယ်ဆို "

" အဲဒါက အရင်ကလေ အခုချိန်မှာ သူ့ရဲ့စိတ်က ဘယ်လိုရှိနေတယ်ဆိုတာကို ငါက ဘယ်လို သိမှာလဲ "

        စက္ကပါလက ဝေဠုမဏိ၏ စကားကို အနိုင်ပိုင်းကာ ပြန်ခံပက်လိုက်သည်။ ထို့နောက်တွင် သူက စိတ်ပျက်စွာဖြင့် တစ်ဖက်သို့ လှည့်ကာ ထိုင်လိုက်သည်။ ဝေဠုမဏိသည်လည်း သက်ပြင်းချရင်း မျက်လုံးကို ပြန်လည် မှိတ်ထားလိုက်သည်။ ထိုစဥ် သူတို့ရှိရာသို့ လျှောက်လာသည့် ခြေသံများကို ကြားလိုက်ရသည်။ ထိုအသံကြောင့် သူတို့နှစ်ဦး စလုံးက အသံလာရာသို့ ကြည့်လိုက်ကြ၏။ ရှေ့ဆုံးမှ လျှောက်လာသူသည် မင်းသားကြီး၏ လူယုံတော် စစ်သူကြီးဖြစ်ပြီး သူ၏ နောက်၌ တပ်မှုးဝတ်စုံကို ဝတ်ဆင်ထားသည့် စစ်သည် နှစ်ဦးပါသည်။ ထိုသူနှစ်ဦးက သူတို့ရှိရာ အကျဥ်းချထားသော နေရာရှေ့သို့ ရောက်သည်နှင့် ခြေလှမ်းတို့ကို ရပ်တန့်လိုက်သည်။

The Story Of A Prince (Complete - BL)Where stories live. Discover now