အခန်း - ၇ (U+Z)

3.1K 356 1
                                    

(Unicode)

အခန်း - ၇

တော်ဝင်နန်းဆောင်ထဲသို့ ရောက်သည်အထိ မင်းသားစက္ကပါလ၏ ဒေါသတို့က မပြေသေးချေ။ ကျစ်ကျစ်ပါအောင် ဆုပ်ထားသည့် လက်သီးတို့က ယခုအချိန်အထိ မြဲမြံစွာ ရှိနေစဲပင် ဖြစ်သည်။ သူ၏ နန်းဆောင်ထဲရှိ သလွန်ပေါ်၌ ထိုင်နေသော်လည်း သူ၏ စိတ်တို့က ညီလာခံ နန်းတော် ခန်းဆောင်အတွင်းမှ ထွက်ခွာမသွားသေးချေ။ စူးရဲသည့် မျက်ဝန်းအစုံ၏ အကြည့်တို့က အဝေးသို့ ငေးကြည့်နေပြီး အချိန် အတော်ကြာသည်အထိ သူ့ထံမှ စကားသံက ထွက်ပေါ်မလာသေးချေ။ မင်းသား စက္ကပါလ၏ ဒေါသကို မြင်မိသည့် အစေခံ၊ အခြွေအရံ၊ အမှုထမ်းများသည် အရှင်မင်းသားအား မော်မကြည့်ဝံ့ဘဲ ခေါင်းကို ကြမ်းပြင်နှင့် ထိကပ်သည်အထိ ငုံ့ထားကြသည်။

တပ်မှုးဒိဗ္ဗ အပါအဝင် စက္ကပါလ၏ ငယ်ကျွန် ဖေငယ်နှင့် ကိုယ်ရံတော် ဝေဠုမဏိတို့သည်လည်း ခေါင်းငုံ့ထားကြပြီး မင်းသားစက္ကပါလ၏ ဒေါသနှင့် ထိပ်တိုက်မတွေ့ဆုံ ရဲကြပေ။ ယခုအချိန်တွင် မည်သူမျှ ဓားခုတ်ရာတွင် လက်ဝင်မလျှိုရဲကြ။ ထမင်း တစ်အိုးကျက်ခန့် အကြာတွင် မင်းသားစက္ကပါလက သက်ပြင်းရှည်ကြီးကို ချလိုက်သည်။ ထို့နောက်တွင် သူ့အား ဦးခေါင်းဝပ်ကာ ခစားနေကြသည့် သူ၏ အမှုတော်ထမ်းများကို ကြည့်လိုက်သည်။

" တပ်မှူး ဒိဗ္ဗ ငါကိုယ်တော် အမိန့်တော်မှတ်မယ် နာခံစမ်း၊ မိဖုရားခေါင်ကြီး ပဒုမ္မဒေဝီရဲ့ လုပ်ရပ်က ကိုယ်တော့ကို ပေါ်ပေါ်ထင်ထင် စော်ကားလိုက်တာပဲ၊ ဒါကြောင့် ကိုယ်တော်ကလည်း ငြိမ်ခံနေလို့ မဖြစ်တော့ဘူး၊ ဒီအရေးကို ဖြေရှင်းဖို့ရာအတွက် ကိုယ်တော်ရဲ့ လူတွေကို နေမဝင်ခင် ယခုချက်ချင်း စုရုံးလိုက်စမ်း "

" အမိန့်တော်ကို ရရှိပါတယ်၊ ဒိဗ္ဗအခုချက်ချင်း သွားလိုက်ပါ့မယ် "

ပြောပြောဆိုဆိုနှင့် တပ်မှူး ဒိဗ္ဗက စက္ကပါလ၏ နန်းဆောင်ထဲမှ ထွက်ခွာသွားသည်။ စက္ကပါလသည် ဝေဠုမဏိမှလွဲ၍ အခြားသော ကိုယ်ရံတော်၊ အမှုထမ်း၊ အစေခံ အားလုံးကို နန်းဆောင်အတွင်းမှ ထွက်ခွာစေလိုက်သည်။ ဖေငယ်သည်ပင် ချွင်းချက်မရှိဘဲ မင်းသား၏ နန်းဆောင် အပြင်ဘက်၌ အသာရပ်၍ နေရသည်။ အားလုံး ထွက်ခွာသွားသည့်အခါ မင်းသား စက္ကပါလက ဦးခေါင်းငုံ့၍ ထားသည့် သူ၏ ကိုယ်ရံတော် လက်သစ် ဝေဠုမဏိအား ကြည့်လိုက်သည်။

The Story Of A Prince (Complete - BL)Tahanan ng mga kuwento. Tumuklas ngayon