(Unicode)
အခန်း - ၉
နန်းတော်၏ ရင်ပြင်၌ အမှုထမ်းများ၊ အရာခံများ၊ အဆင့်မြင့် မူးမတ်များ အားလုံး ခြေကျင်းလိမ်၍ နေသည်။ အိန္ဒြေကိုပင် မဆည်နိုင်ဘဲ ဝတ်ရုံများကို မ၍ နန်းတော် ညီလာခံ အတွင်းသို့ အပြေးအလွှား ပြေးတက်သွားကြသည်။ ကိုးဆယ့်ကိုးထပ် ရှိသော လှေကားထစ်များ၌ အမှုတော် ထမ်းများနှင့် ပြည့်နက်ကုန်သည်။ မဟာစည်တီးသံက မည်သို့သော အရေးကိစ္စကို ဖြစ်ပေါ်စေသနည်း။ ဟုတ်သည်။ မဟာစည်တော်သည် စေသုဒ္ဓါပြည်ထောင်၏ အထွတ်အမြတ် ထားရာ စည်တော်ဖြစ်သည်။ တိုင်းပြည်အတွက် အလွန့်အလွန် အရေးကြီးသော ကိစ္စမဟုတ်ပါက ထိုစည်ကို တီးခတ်လိမ့်မည် မဟုတ်ချေ။ တိုင်းပြည်အား အခြားသော တိုင်းပြည်မှ လာတိုက်ခိုက်ချိန်က တစ်ကြိမ်၊ စေသုဒ္ဓါပြည်၏ ပြည့်ရှင် မရိန်ဓ နတ်ရွာစံစဥ်အခါက တစ်ကြိမ် နှစ်ကြိမ်သာ ကြားခဲ့ဖူးသည်။
ပြည့်ရှင်မရိန်ဓ နတ်ရွာစံစဥ်ကပင် စည်တီးသံ ငါးချက်သာ ထွက်ပေါ်ခဲ့ပြီး၊ ယခုစည်တီးသံက နှစ်ပေါင်း တစ်ရာ အတွင်း အကြီးမားဆုံးသော လှုပ်ခတ်မှု ဖြစ်ခဲ့သည်။ စည်တော်သံ ကိုးကြိမ်ဆက်တိုက် ထွက်ပေါ်လာခြင်း။ ထိုအရာက ယခုဖြစ်ပေါ်နေသော အရေးသည် မည်မျှ အရေးကြီးကြောင်းကို ပြောပြနေခြင်းပင် ဖြစ်သည်။ မင်းညီလာခံအတွင်း၌ ပွက်လောရိုက်၍ နေသည်။ အချင်းချင်း တီးတိုးပြောစကားသံများ၊ တစ်စုံတစ်ခုကို တွတ်ထိုး ဆွေးနွေးသံများနှင့် ပြည့်နှက်နေသည်။ ထိုစဥ် ညီလာခံအတွင်းမှ ပွက်လောရိုက်မှူက ရုတ်ချည်း တိတ်ဆိတ်သွားသည်။
" အရှင်မ ပဒုမ္မဒေဝီ ကြွရောက်လာပါပြီ "
အသံ၏ အဆုံး၌ မိဖုရားခေါင်ကြီး ပဒုမ္မဒေဝီသည် တင်းမာသော မျက်နှာထားနှင့် ညီလာခံအတွင်း ဝင်ရောက်လာသည်။ သူမက သလွန်ပေါ်၌ မထိုင်သေးဘဲ ပလ္လင်၏ အလယ်၌ ရပ်ကာ အမှုထမ်းအားလုံးကို ကြည့်လိုက်သည်။ မျက်ဝန်းတို့က မီးတောက်သဖွယ် ရဲရဲနီနေပြီး မျက်နှာထားက တင်းမာနေသည်။ အောက်ခြေရှိ မင်း၊ မှုးမတ်အားလုံးက ခေါင်းကိုငုံ့ထားကြသည်။ မိဖုရားခေါင်၏ ဒေါသထွက်မှုကို အားလုံးက ပထမဦးဆုံး အကြိမ် မြင်ဖူးကြခြင်းပင် ဖြစ်သည်။
YOU ARE READING
The Story Of A Prince (Complete - BL)
Fantasyမင်းသားတစ်ပါး၏ ပုံပြင် ဆိုသည့်အတိုင်း ဒီဇာတ်လမ်းပါ အကြောင်းအရာအားလုံးက ကျွန်တော့်ရဲ့ စိတ်ကူးယဥ် သပ်သပ်သာ ဖြစ်ပါတယ်။ ဒါဆိုရင် ဇာတ်လမ်းလေးကို စပြီး မိတ်ဆက်ပေးပါ့မယ်။ မဏိရောဂတိုင်း၊ စေသုဒ္ဓါပြည်ထောင်၏ ပြည့်ရှင် မရိန်ဓတွင် သားတော် ကိုးပါးရှိ၏။ ယင်းသားတ...