အခန်း - ၃၇ (U+Z)

1.3K 153 0
                                    

(Unicode)

အခန်း - ၃၇

      မဏိဟေဝန်တော၊ စက္ကပါလတို့၏ အခြေစိုက် စခန်း၌ ဖြစ်သည်။ ယခု စက္ကပါလသည် စစ်တပ်အားလုံး၏ ရှေ့၌ ရှိနေပြီး သူ၏ဘေး၌ အခြားခေါင်းဆောင်သုံးဦး ရှိနေသည်။ သူတို့၏ရှေ့၌ မြေခွေးစစ်တပ်၊ ကျားစစ်တပ်တို့က မားမားမတ်မတ် ရပ်နေကြသည်။ အားလုံးက တိုက်ပွဲဝင်ချပ်ဝတ်အပြည့်နှင့် စစ်ချီရန် အဆင်သင့်ဖြစ်နေကြ၏။

သူတို့၏ အသွင် သူတို့၏ အမူအရာနှင့် သူတို့၏ ပုံစံတို့က စစ်သွေးကြနေပြီး မကြာခင် တိုက်ခိုက်ရမည်ကိုပင် မစောင့်နိုင်တော့ဟန် ရှိသည်။ စက္ကပါလသည် အဝေးဆီသို့ မျှော်ကြည့်နေသည်။ စစ်တပ်၏ ရှေ့၌ ရပ်နေသော်လည်း သူ၏ စိတ်က အခြားဆီသို့ ရောက်ရှိနေသည်။

      မကြာခင် မှောင်လာတော့မည်။ ယနေ့သည် လကွယ်ညဖြစ်ပြီး နေ့တာတိုသည်။ ယနေ့ညတွင် သူတို့၏ ကြီးမားသည့် နိုင်ငံသိမ်းစစ်ဆင်ရေးကြီး စတင်မည့် နေ့ပင် ဖြစ်သည်။ ခေါင်းဆောင်လေးဦး စစ်သည်အင်အား ၁၂၀၀ ကျော်က တိုက်ခိုက်ဖို့ အသင့်ဖြစ်နေသည်။ သို့​သော်... သူတစ်ယောက်တည်းသာ မလာသေးသူကို စောင့်မျှော်နေသည်။

' ဝေဠု... မင်းပြောတော့ အမီပြန်လာမယ်ဆို၊ အခုတော့ မကြာခင်မှာမှောင်လာတော့မယ် မင်းက အခုချိန်ထိ ရောက်မလာသေးဘူး၊ မင်းငါ့ကိုလိမ်တယ် ငါမင်းကို ယုံကြည်ခဲ့တဲ့အတွက် ငါ့ကိုယ်ငါလည်း မုန်းတယ် '

         စက္ကပါလသည် တကိုယ်တည်း စိတ်ထဲမှ ပြောလိုက်သည်။ ထို့နောက်တွင် သူက စစ်သည်များကို လူစုခွဲလိုက်သည်။ စစ်သည်အင်အား တစ်ထောင့်နှစ်ရာ၊ စစ်​ကြောင်းတစ်ခုအတွက် အထူးစစ်သည် သုံးရာစီ ခွဲထားသည်။ ခေါင်းဆောင်သုံးဦးသည်လည်း စက္ကပါလကို စောင့်နေသည်။ အမှောင်ယံက ကြီးစိုး၍ လာချေပြီ။ ထိုအခါ သူတို့၏ပတ်ပတ်လည်၌ ဝါးမီးတိုင်များက လင်းလက်၍ လာသည်။

' မယ်တော်... သားတော်က မကြာခင်မှာ ယုတ်မာတဲ့ မိဖုရားကို ချေမှုန်းတော့မယ်၊ ပြီးတော့...ဖခမည်းတော်အတွက် အဲဒီ ဆိုးယုတ်တဲ့မိဖုရားကို ကွက်မျက်ပစ်မယ်၊ သားတော်ဘက်မှာ ရှိနေပေးပါ၊ သားတော်ကို စောင့်ရှောက်ပေးပါ၊ ရောက်နေတဲ့နေရာကနေ မယ်တော်နဲ့ ခမည်းတော်က သားတော်ကိုကြည့်နေပေးပါ၊ ဒီစစ်ပွဲက သေချာပေါက်နိုင်ရမယ် '

The Story Of A Prince (Complete - BL)Where stories live. Discover now