အခန်း - ၃၃ (U+Z)

1.3K 163 0
                                    

(Unicode)

အခန်း - ၃၃

     ရုတ်တရက် အဘိုးတော်ဟု ခေါ်လိုက်သည့် အသံက အသက် ခုနစ်ဆယ်နီးပါး ရှိနေပြီ ဖြစ်သည့် ဒေဝတိုင်း၏ ပြည့်ရှင်ဘုရင် ဒေဝပုတ္တံအား တုန်လှုပ်သွားစေသည်။ ရှင်ဘုရင် တစ်ပါးအနေဖြင့် အမြဲတမ်း ထိန်းချုပ်ထားရသည့် ရာဇအိန္ဒြေသည်လည်း ရုတ်ချည်း ပျက်ယွင်းသွားပြီး စက္ကပါလရှိရာသို့ လှမ်းသွားလိုက်သည်။ ရုတ်တရက်မို့ အမှုထမ်းအားလုံးသည်လည်း ကြောင်အသွားကြသည်။ စက္ကပါလသည် ဒေဝပုတ္တံ၏ မျက်နှာအား ဝမ်းနည်းစွာ ကြည့်နေ၏။ ထို့နောက်တွင် သူက မြေပြင်ထက်၌ ဦးငိုက်စိုက်ချကာ ဒေဝပုတ္တံအား ညီညွှတ်လိုက်သည်။

" မြေးတော် စက္ကပါလက အဘိုးတော်ကို နှုတ်ဆက်ပါတယ် "

" မြေး...မြေးလေး ငါ့မြေးလေး "

       ဒေဝပုတ္တံသည် စက္ကပါလအားကြည့်ရင်း မျက်ရည်များ စီးကျလာသည်။ သူက ထင်မှတ်မထားသည့် အရာကို ရုတ်တရက် ကြုံတွေ့လိုက်ရသည့်နှယ် ရှိသည်။ သည်ရက်များတွင် သူက သူ၏ သမီးတော် ဒေဝစန္ဒီအား ထူးထူးခြားခြား သတိရနေမိ၏။ ထိုအရာနှင့်ထပ်တူ ယခု သူ၏ မြေးတော်က သူ့ရှေ့မောက်သို့ ရောက်ရှိလာသည်။ ဒေဝပုတ္တံသည် စက္ကပါလအား အလျင်စလို ထူမလိုက်ပြီး...

" မြေးလေး ငါ့မြေးလေး... မင်းငါ့ ငါ့မြေးတော်လား ဝမ်းသာလိုက်တာ "

" မြေးတော်... "

       ထိုစဥ် တုန်ရင်နေသည့် အသံက သူတို့၏ နောက်မှ ထွက်လာသည်။ ထိုအသံသည် ဒေဝပုတ္တံ၏ မိဖုရား ကလျာထံမှ ထွက်ပေါ်လာခြင်းဖြစ်ပြီးသူမသည် စက္ကပါလ၏ ဖွားရင်းလည်း ဖြစ်သည်။ မိဖုရားကြီးကလျာသည် စက္ကပါလအားကြည့်ရင်း မျက်ရည်များ စီးကျလာသည်။ ထို့နောက် စက္ကပါလကို ရင်ခွင်ထဲ ထည့်၍ ငိုကြွေးလိုက်သည်။

" ဘယ်လောက်တောင် ကြာခဲ့ပြီလဲ ဒါက အိပ်မက်လား ဒါက အိပ်မက်မဟုတ်ဘူး မလားမောင်တော်... "

        မိဖုရားကြီး ကလျာသည် မျက်ရည်များနှင့် မယုံကြည်နိုင်စွာ ပြောလိုက်သည်။ ရှင်ဘုရင် ဒေဝပုတ္တံသည် သူ၏ မိဖုရားအား ခေါင်းညိတ်၍သာ ပြသည်။ သူသည်လည်း ဝမ်းနည်းဝမ်းသာ ဖြစ်၍နေသည်။ ထို့နောက်တွင်မှ သူက သတိဝင်လာပြီး...

The Story Of A Prince (Complete - BL)Where stories live. Discover now