Chapter Twenty-five: : Misunderstanding

5.2K 44 3
                                    

Chapter Twenty-five:                  : Misunderstanding
 
 

မန္တလေးမြို့ နွေရာသီ၏ ပူလောင်အိုက်စပ်သော ည၁၀နာရီ အချိန်တွင် သန့်ဇင်ကိုသည် အခန်းကျဥ်းလေးတစ်ခုတွင် ချွေးသံတရွဲရွဲနှင့် ပုံဆွဲနေသည် ၊ သူ၏ ခန္တာကိုယ် အပေါ်ပိုင်းသည် ဗလာကျင်းထားပြီး အောက်ပိုင်းတွင် ဘောင်းတီတိုလေး တစ်ထည်သာ ဝတ်ဆင်ထား လေသည်။
 

သူ၏ နားထင်မှပါးပြင်ပေါ်သို့ တစ်စက်ချင်း စီးကျလာသည့် ချွေးစက်များကို လက်ဖမိုးဖြင့် ပင့်သုတ်လိုက်ပြီး ဆွဲလက်စ  ပုံကြမ်းကို ဆက်ဆွဲနေလိုက်သည်။

အချိန်တစ်ခုကြာတော့ ဆွဲလက်စ ပုံကြမ်းကို ကျေနပ်အားရသွား၍ သက်ပြင်းချလိုက်ပြီး ဘေးနားရှိ ပြတင်းပေါက်ကို တွန်းဖွင့်လိုက်သည်။
 
ပြီးနောက် ကုတင်ပေါ်သို့ ပက်လက်လှန်လှဲလိုက်ပြီး ချွေးများကို ပုဆိုးကြမ်းနှင့် သုတ်လိုက်သည် ၊ ချွေးထွက်များသောကြောင့် ရေဆာလာသဖြင့် ဘေးနားရှိ ရေသန့်ဗူးထဲက ရေကို တဂွတ်ဂွတ်နှင့် မော့သောက်လိုက်သည် ၊ ရေသန့်ဗူးထဲက ရေမှာ နွေးနွေးကြီး ဖြစ်နေသော်လည်း အာခေါင်ခြောက်သက်သာသွား၍ နေသာထိုင်သာ ရှိသွား လေသည်။
 

သန့်ဇင်ကိုသည်  နောက်ဆုံးနှစ် ပထမတစ်သုတ် စာမေးပွဲ ဖြေပြီးသည့် အချိန်တွင် အလုပ်လုပ်ရန်အတွက် မန္တလေးမြို့သို့ ရောက်နေခြင်း ဖြစ်သည် ၊ သူယခင်က လုပ်ခဲ့သော မိတ္တူဆိုင်မှ သူဌေးသည် စျေးကွက်ကျဥ်းသော ပြင်ဦးလွင်မှ မန္တလေးမြို့သို့ ဆိုင်ကိုပြောင်းဖွင့်လိုက်သောကြောင့် ဖြစ်လေသည်။
 

သန့်ဇင်ကို၏ အမေက ကျောင်းနှစ်လ ပိတ်သခိုက် အိမ်မှာတင် အေးဆေးအနားယူရန် ပြောသော်လည်း သူ၏ကျောင်းစရိတ် အနည်းငယ် သက်သာစေရန်အတွက် အလုပ်လုပ်ရန် မန္တလေးသို့ ဆင်းလာခဲ့ခြင်း ဖြစ်သည်။

နောက်တစ်ချက်က သူ၏ချစ်ရသော မျက်ချယ်ကလည်း မန္တလေးတွင် ရှိ၍ ချိန်းတွေ့ရန် လွယ်ကူသောကြောင့်လည်း ဖြစ်လေသည်။
 

သို့သော်လည်း တကယ်တမ်းလက်တွေ့ အလုပ်ဆင်းရသော အခါတွင် သူထင်ထားခဲ့သလို ချိန်းတွေ့ရန်အတွက် အခွင့်အရေး သိပ်မရခဲ့ချေ ။

When we were young Where stories live. Discover now