19

9.3K 534 0
                                    

အခန်း ( ၁၉ )

" အင်း... ဒီအကြောင်းတွေ မင်း မကြားခဲ့သလိုဘဲ နေပေးပါ တိမ်ယံ ။ နေခစားက ငါ့ကို လျှို့ဝှက်ခိုင်းထားတာ"

"အေးပါကွာ ၊ ဒါနဲ့ တကယ်ပဲ မိုးရိပ်ကင်းက အတိတ်မေ့နေတာလား"

" အင်း... သူတို့ လမ်းမှာ ကားမတော်တဆဖြစ်ပြီး မိုးရိပ်ကင်း အတိတ်မေ့သွားတာ "

" သူတို့ အခု ဘယ်မှာလဲ "

" မင်း ဘာလုပ်မလို့လဲ"

" ငါ ဒီတိုင်း သိချင်လို့ ။ နောက်ပြီး ငါ မိုးရိပ်ကို စိတ်ပူတယ် ။ သူက ငါ့သူငယ်ချင်းလေ"

" သူတို့ အဆင်ပြေမှာပါ ။ ဒါတွေ ထားပါ တိမ်ယံ ။ ငါတို့ ပြန်ရအောင် ။ နောက်ကျနေပြီ"

ရဲသွေးက စကားလမ်းကြောင်းလွှဲသွားတာကြောင့် တိမ်ယံ့စိတ်ထဲ မကျေမနပ် ဖြစ်သွားရသည် ။ သို့သော် ဟန်ဆောင်ပြုံး၍ ခေါင်းညိတ်လိုက်သည် ။

" အင်း ပြန်ကြရအောင်"

တိမ်ယံသည် ရဲသွေးနှင့်အတူပြန်လာရင်း မိုးရိပ် နှင့် နေခစား၏အကြောင်း တွေးနေမိသည်။ ထို့နောက် လျှို့ဝှက်အပြုံးတစ်ခုက နှုတ်ခမ်းထက် ဖြစ်တည်လာပြီး မျက်လုံးတွေမှာတော့ ဒေါသတွေ အရောင်လက်နေခဲ့သည်။

****

မိုးရိပ် အိမ်တံခါးဝမှာ ရပ်ရင်း နေခစားလာရာ လမ်းလေးကို မျှော်ငေးကြည့်နေမိသည် ။ အချိန်က ညကိုးနာရီခွဲ ။ ပုံမှန်ဆို ခြောက်နာရီ ၊ ခုနှစ်နာရီဝန်းကျင် ပြန်လာတတ်သည့် နေခစားက သည်နေ့ညမှာ နောက်ကျလွန်းနေ၏ ။ ဆက်သွယ်ဖို့ ဖုန်းမရှိသည့်အပြင် နေခစားအလုပ်လုပ်သည့် နေရာအတိအကျကိုလည်း မိုးရိပ်က သိတာမဟုတ် ။ ထွက်ပဲ ရှာရင်ကောင်းမလား ။ အိမ်ကပဲ စောင့်နေရမလား မိုးရိပ် ဝေခွဲမရတော့ပြီ ။ အချိန်ကုန်လာလေ စိုးရိမ်စိတ်ကြောင့် ရင်တွေပူလာလေ ။ နောက်ဆုံး ဘယ်လိုမှ မနေနိုင်တော့ဘဲ အိမ်တံခါးသော့ခတ်ကာ ထွက်ခဲ့၏ ။ ခြံရှေ့ရောက်သော် ခပ်လှမ်းလှမ်း၌ ဒယိမ်းဒယိုင်ဖြင့် လျှောက်လှမ်းလာသော ပုံရိပ်တစ်ခု ။

"နေခစား "

မိုးရိပ် ရေရွတ်မိပြီး အပြေးသွားမိသည် ။ နီးကပ်တော့မှ ထောင်းခနဲ ရသော အရက်နံ့ ၊ နေခစား၏ မျက်နှာကလည်း နီမြန်းနေပြီး မျက်ဝန်းတွေကလည်း ရီဝေဝေနှင့် ။

အမုန်းခ အချစ်ခြွေ < Completed >Where stories live. Discover now