Final

15.1K 664 21
                                    

အခန်း ( ၃၁ )

မိုးရိပ်နှင့် နေခစားတို့ လက်ထပ်ပွဲကို ရက်သတ္တပတ်အတွင်းမှာပဲ အမြန်ဆုံး စီစဉ်ဖို့ပြင်သည် ။ လာမည့် တနင်္ဂနွေနေ့ မနက်ပိုင်း၌ ဟိုတယ်မှာ ဧည်ခံပွဲကျင်းပမည် ။ မိုးရိပ်က အကျဉ်းချုပ်ပြီး တိုးတိုးတိတ်တိတ် လုပ်ချင်ပါသော်လည်း နေခစားက လက်မခံပါ ။ အားလုံးကို ဖိတ်ကြားပြီး ခမ်းခမ်းနားနားကို သူကိုယ်တိုင် တစ်ခုချင်းစီ အသေးစိတ် စီစဉ်သည်  ။

ထိုနေ့ရောက်သော် အဖြူနှင့် ရွှေရောင်ရောစပ်ထားသော suit ကိုသာ သားအဖသုံးယောက်လုံး ဆင်တူဝတ်ဆင်ထားကြသည် ။ သားလေးကတော့ နှင်းဆီပွင့်ဖက်လေးတွေ ထည့်ထားသော ခြင်းလေးကိုင်ကာ ပန်းကြဲမည် ။

ဧည့်ခံပွဲစဖို့ မိနစ်အနည်းငယ်အလိုမှာ မိုးစက်လေးက ငိုယိုဂျီကျတော့သည် ။

"တား...ကိုကိုတို့နဲ့ တွဲမှာ "

မိုးရိပ်တို့ မဝင်ခင် ရှေ့ကနေ သားကို ပန်းကြဲခိုင်းပြီး ရဲသွေး၏ တူလေး ချမ်း​​မြေ့ နှင့် သူ့သူငယ်ချင်း ရောင်ခြည် ကို သတို့သားအရံလုပ်ခိုင်းခဲ့သည် ။ ယခု ချမ်းမြေ့နှင့် ရောင်ခြည်တို့က ပွဲမစခင် လက်တွဲ၍အစမ်းလမ်းလျှောက်နေတာကို မိုးစက်လေးက မြင်ပြီး သူက ကြားဖြတ်ကာ အလယ်မှာနေရာယူ၏ ။ ထို့နောက် လက်တစ်ဖက်ချင်းစီကို ဆွဲပြီး ပူဆာ၏ ။ လက်မခံတော့ ဂျီကျငိုယိုသည် ။ နောက်ဆုံး သူတို့ကပဲ အလျော့ပေးရတော့သည် ။

ဤသို့ဖြင့် ပွဲစသော် ကော်ဇောနီ ခင်းထားသော လျှောက်လှမ်းမှ ဦးဆုံးဝင်လာသူက မိုးစက် ၊ ချမ်းမြေ့နှင့် ရောင်ခြည် ။ ငါးနှစ်အရွယ်ကောင်လေးနှစ်ယောက်ကြားမှာ သုံးနှစ်ပြည့်ခါနီး မိုးစက်လေးက သေးကွေးနေ၏ ။ မိုးစက်လေးက အလယ်ကနေ ချမ်းမြေ့နှင့် ရောင်ခြည်တို့၏ လက်တစ်ဖက်စီကို ချိတ်၍တွဲခိုကာ ပါလာသည် ။ မိုးစက်လေးက ထိုအခြေအနေကို သဘောကျစွာ တခစ်ခစ်နှင့် ရယ်နေသေးသည် ။ ဧည့်သည်တွေလည်း တပြုံးပြုံးနှင့် ။

ထိုနောက်မှာတော့ မိုးရိပ်သည် နေခစား၏ လက်ကို ချိတ်ရင်း အတူလျှောက်လာခဲ့သည် ။ ဦးနေအောင်နှင့် ဒေါ်ဥမ္မာခင်ကတော့ ရှေ့ဆုံးဝိုင်းကနေ လှည့်ကြည့်ကာ ပြုံးပျော်နေ၏ ။ ကာရံ ၊ ဦးမင်းမြတ် ၊ လရောင် နှင့် ရဲသွေးတို့က တစ်ဝိုင်း  ။ ဦးမင်းမြတ်နှင့် လရောင်တို့များ သူသဘောတူတယ်ပြောပြီးတည်းက ဘယ်သူ့ရှေ့မှာမှ မရှောင် ၊ နှစ်ယောက်သား အချစ်ငှက်တွေလို ချစ်ကြည်နူး တစ်တီတူးနေ၏ ။ ခုတောင် ဆင်တူဝတ်ပြီး ရောက်လာတာသာ ကြည့်တော့ ။

အမုန်းခ အချစ်ခြွေ < Completed >Where stories live. Discover now