"ကလေးလေး... ကိုယ်ပို့လိုက်တဲ့ အသီးတွေ ကြိုက်ရဲ့လား"
"အာ... အသီးဆိုမှ ခင်ဗျားကို ပြောပြရဦးမယ်။ အဲ့နေ့က ခင်ဗျားပို့လိုက်တဲ့အသီးတွေက အရမ်းများနေတော့ ကျွန်တော်တစ်ယောက်တည်း မကုန်တာနဲ့ ဟိုကောင်တွေကိုပါ ကျွေးလိုက်ရတယ်"
"ရပါတယ် ကလေးရဲ့... ကျွေးလိုက်ပေါ့"
"အင်း... ကျွန်တော်တစ်ယောက်တည်း အကုန်စားရင်လည်း ချောင်းကဆိုးဦးမယ်မလား။ သူတို့ကိုကျွေးတော့ အကိုသူရလည်း မျက်နှာရတာပေါ့... ဒါနဲ့ ဒီနေ့ အင်ဂျင်နီယာနဲ့ တွေ့ရမှာလား"
"ဟုတ်တယ် ကလေးလေး... ဒီနေ့တွေ့ဖို့ချိန်းထားတယ်။ ကလေးလည်း ကျောင်းပြီးတော့မှာဆိုတော့ အိမ်ကို အမြန်ဆောက်တော့မယ်။ ကလေးလာတာနဲ့ အဲ့အိမ်မှာ တန်းနေကြတာပေါ့"
"ကောင်းတယ်... ကောင်းတယ်... နောက်ဆုံးတော့ ကျွန်တော် ပြင်ဦးလွင်သားကြီး ဖြစ်ရတော့မယ်"
ဝမ်းသာအားရနဲ့ဆိုလာသော သီဟနိုင်ကြောင့် ကျွန်တော့်မှာ မပြုံးဘဲ မနေနိုင်ခဲ့ပါ။
"ပြင်ဦးလွင်ကို အဲ့လောက်တောင် သဘောကျတာလား"
"ကျတာပေါ့... အဲ့ထက်တောင် ပိုကျသေးတယ်"
"ကိုယ့်ကိုရော"
"ကျတာပဲ"
"ဘာကျတာတုန်း"
"သဘောလေ... အကိုသူရစိုး ကျွန်တော် ခင်ဗျားကို သဘောကျတယ်သိလား"
"ဟမ်! တကယ်လား ကလေးလေး"
ရုတ်တရက်ကြီး ထပြောလာသော ကလေးလေးကြောင့် ကျွန်တော်မှာ အယောင်ယောင်အမှားမှားတွေ ဖြစ်ရတယ်။
"တကယ်ပေါ့။ အကိုသူရစိုး ကျွန်တော် အခုကတည်းက တစ်ခါတည်းပြောထားမယ်နော်၊ ကျွန်တော်မပါဘဲနဲ့ ခြံဘက်ကို လုံးဝမသွားရဘူး"
"မသွားဘူး။ မသွားဘူး။ စိတ်ချ။ ကိုယ့်ကလေးလေးမကြိုက်တာ ဘာမှမလုပ်ဘူး"
"ပြီးတာပဲ"
----------***----------
"အိမ်ဒီဇိုင်းကလေ အကို ကောင်းမယ်ထင်သလိုပဲ ဆွဲလိုက်ပါနော်။ ကျွန်တော်က ဂျေးမများတတ်တော့ အဆင်ပြေပါတယ်"