P_19 (Uni)

5.2K 785 220
                                    

အားလုံး ရှင်းလို့လင်းလို့ပြီးလို့ နာရီကိုကြည့်လိုက်တော့ နေ့လယ်နှစ်နာရီခွဲ။ အချိန်လည်းမရှိတော့တာရယ်၊ ပင်လည်းပင်ပန်းနေကြတာရယ်ကြောင့် သီဟ့သူငယ်ချင်းတွေက ကျွန်တော်တို့အိမ်မှာ တစ်ညထပ်အိပ်ကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အဲ့တော့ သူ့သူငယ်ချင်းတွေကားနဲ့ လိုက်ပါလာခဲ့တဲ့ သီဟ့မိဘတွေကလည်း တစ်ညထပ်အိပ်လိုက်ရတယ်။ သီဟ့မိဘတွေ မပြန်ဖြစ်ကြသေးတော့ ကျွန်တော့်မိဘတွေကလည်း သူတို့အတွက် လူကြီးအဖော်လေးဘာလေး ရအောင်လို့ဆိုပြီး မပြန်သေးဘဲ တစ်ညထပ်နေလိုက်ကြတယ်။ အဲ့တော့ ကျွန်တော်တို့အိမ်က စည်ကားနေတုန်းပဲဆိုပါတော့။

ညဘက်ရောက်တော့ သီဟနိုင်က သူ့သူငယ်ချင်းတွေနဲ့ အတူသွားအိပ်တယ်။ အစကတော့ နောက်ဆုံးအနေနဲ့ သူလည်း သူ့သူငယ်ချင်းတွေနဲ့ အတူအိပ်ချင်ရှာမှာပေါ့လေဆိုပြီး ကျွန်တော်ထင်ခဲ့တာ။ ဒါပေမဲ့ ကျွန်တော်ထင်သလို မဟုတ်တာကို ဧည့်သည်တွေအကုန်ပြန်သွားမှပဲ သိရတယ်။

ဧည့်သည်တွေအကုန်ပြန်သွားတာနဲ့ သီဟနိုင်က ကျွန်တော့်ကို စကားမပြောတော့ပါ။ ကျွန်တော် ဘယ်လိုပဲ လိုက်ပြီးစကားပြောပြော သီဟနိုင်က ကျွန်တော့်ကို နည်းနည်းမှ အဖက်မလုပ်။

"ကလေးလေး ကိုယ့်ကို စိတ်ကောက်နေတာလား"

ဘာမှပြန်မဖြေ....

"ကိုကို ဘာအမှားလုပ်မိလို့လဲကွာ"

"ကျွန်တော်အပြင်ခဏသွားမယ်။ ခင်ဗျား နောက်ကလိုက်မလာနဲ့"

"ဟာ။ ကလေးတစ်ယောက်တည်း စိတ်မချပါဘူး"

"ရတယ်။ ကျွန်တော့်မှာ ရည်းစားဟောင်းဘာညာမရှိလို့ ခင်ဗျားစိတ်ပူစရာမလိုပါဘူး"

"ဟမ်! ကလေးလေး စံပယ့်ကိုဖိတ်လို့ စိတ်ကောက်နေတာလား။ စံပယ်က ကိုယ့်သူငယ်ချင်းလေကွာ။ တခြားသူငယ်ချင်းတွေကြ ဖိတ်ပြီး သူ့တစ်ယောက်တည်း ကွက်ပြီးချန်ထားရင် ဘယ်လိုလုပ်ကောင်းမှာလဲ။ ပြီးတော့ သူ့မှာလည်း ရည်းစားနဲ့ ကိုယ့်မှာလည်း ကလေးနဲ့လေ"

သီဟနိုင်က ကျွန်တော်ပြောနေတာကို နည်းနည်းမှအဖက်မလုပ်ဘဲ အိပ်ခန်းထဲကို ဝင်သွားတာကြောင့် ကျွန်တော်က အနောက်ကနေလိုက်ပြီး စကားကို ဆက်ရတယ်။

သူရယ် ကျွန်တော်ရယ် ပန်းမြို့တော်ကြီးဝယ် (Completed)Where stories live. Discover now