"ကလေးလေး တော်ပြီကွာ ဆက်မသောက်နဲ့တော့"
"တစ်ခွက်ပဲကိုကို တစ်ခွက်ပဲ... နော်... ကိုကိုနော်လို့"
မျက်လုံးတွေစိုက်ကာ အနည်းငယ်မူးနေပြီဖြစ်တဲ့ သီဟနိုင်က လက်ညှိုးတစ်ချောင်းထောင်လို့ အတင်းတောင်းဆိုနေတော့လည်း ကျွန်တော့်မှာမနေနိုင်။
"ဒီတစ်ခွက်ပဲနော်... ပြီးရင် အိမ်ပြန်ကြစို့ ကလေးလေးမူးနေပြီ"
"ဟုတ်"
"ဘာဟုတ်လဲ... ဟေ့ကောင်သီဟ မပြန်ရဘူးနော်။ ဒီည အမုန်းကစ်ရမှာ"
အတော်လေးမှန်နေပြီဖြစ်တဲ့ ဇာနည်က ကျွန်တော့်ကို ဘုကြည့်,ကြည့်လို့ ဝင်ပြောလာခြင်းဖြစ်တယ်။
"ဟုတ်တယ် သီဟ... အခု ကျောင်းတွေလည်းပြီးပြီဆိုတော့ နောက်ဆို မင်းက မေမြို့မှာ အခြေချရတော့မှာ... အဲ့ကျ ငါတို့တွေ အခုလိုမျိုး တွေ့ချင်လို့တောင် အလွယ်တကူတွေ့လို့ရမှာ မဟုတ်တော့ဘူးနော်"
ငမိုးကပါ ဇာနည်ရဲ့စကားကို ထောက်ခံတဲ့သဘောနဲ့ ဝင်ပြောလေတယ်။
"ကိုကို"
သီဟနိုင်ရဲ့ ခပ်ချွဲချွဲခေါ်သံ...
"ကိုယ် အိမ်မပြန်ဘူးနော်။ ကလေးလေးကို တစ်ယောက်တည်း စိတ်မချဘူး"
"ဟာဗျာ... ကိုသူရစိုး ဒီကောင်သီဟက နောက်ဆို ခင်ဗျားနဲ့ပဲ တစ်သက်လုံး အတူနေရတော့မှာ၊ ကျုပ်တို့နဲ့က ဒါ နောက်ဆုံးလည်းဖြစ်ရင်ဖြစ်သွားနိုင်တာမို့ လွတ်လွတ်လပ်လပ်..."
"အင်း ကိုယ်မပါဘဲ လွတ်လွတ်လပ်လပ် ကဲချင်တယ်ဆိုပါတော့"
ဇာနည်ရဲ့စကားကို အဆုံးမခံဘဲ ကျွန်တော်ဖြတ်မေးလိုက်တယ်။ တစ်ဆက်တည်းမှာပဲ သီဟဘက်ကိုလှည့်ပြီး "ကလေးလေးသဘောကရော..."ဆိုပြီး မေးကြည့်လိုက်တယ်။
" သူတို့နဲ့က နောက်ဆို မတွေ့ရ..."
"OK OK ကိုယ်နားလည်ပြီ။ ကလေးလေး ပြန်ချင်တယ်ဆို ကိုယ့်ကိုဖုန်းလှမ်းဆက်နော်။ ကိုယ်လာခေါ်မယ် ဟုတ်ပြီလား"
ပြောပြီး ကျွန်တော် ထိုင်နေရာမှထတယ်။ ရင်ဘတ်ထဲက နည်းနည်းနာပေမယ့် သူလည်း နောက်ဆုံးအနေနဲ့ ကျွန်တော်မပါဘဲ လွတ်လွတ်လပ်လပ်ပျော်ချင်ရှာမှာပေါ့ဆိုပြီးပဲ တွေးလိုက်ပါတယ်။