17.24

311 48 4
                                    

Unicode

မိစ္ဆာနယ်မြေက နှစ်ခြမ်းကွဲသွားခဲ့ပြီး ညသန်းခေါင်ကြီးမှာ တိုက်ပွဲစတင်ခဲ့တယ်။ စတင်ခဲ့ရတဲ့အကြောင်းအရင်းကလည်း နည်းနည်းတော့ထူးဆန်းတယ်။
 
မိစ္ဆာတွေဆိုတာ မွေးကတည်းက ရက်စက်ကြမ်းကြုတ်ကြတာလေ။ မိစ္ဆာစုံတွဲတစ်တွဲက မတူညီတဲ့ရပ်တည်ချက်ကြောင့် စကားစများခဲ့ပြီး ဘာမဟုတ်တာလေးနဲ့ထသတ်ကြတော့တယ်။ အဆုံးသတ်မှာတော့ မိစ္ဆာမက မိစ္ဆာထီးကိုသတ်ပစ်လိုက်တယ်။ ထိုကိစ္စကိုအရင်းပြုပြီး တိုက်ပွဲကြီးစတင်လာတော့တာပဲ။
 
အဲ့လိုဆိုတော့ နာမည်ကျော်တိုက်ပွဲက ဘာမဟုတ်တဲ့ကိစ္စလေးကနေ အစပြုခဲ့တာပေါ့…
 
ရှီရှန်းက မိစ္ဆာလေးတွေကြားမှာ မတ်တပ်ရပ်နေခဲ့တယ်။
 
 “ငါအခုပဲ မြွေမိစ္ဆာဘုရင်ကို မြင်လိုက်ရတာကွ… တကယ့်လူချောပဲ..”
 
တခြားမိစ္ဆာလေးက အမှန်ပြင်ပေးလိုက်တယ်..
“လူချောဆိုတာ လူသားတွေကိုပြောတဲ့ စကားလုံးဟ.. ငါတို့တွေက မိစ္ဆာတွေလေ..”
 
“ဟမ်..? ဟုတ်သားပဲ.. ဒါဆို ငါတို့ ဘယ်လိုပြောသင့်လဲ..?”
 
ပထမမိစ္ဆာလေးလည်း ဘယ်လိုပြန်ဖြေရမှန်းမသိတော့ဘူး.. ခနလောက်စဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်တယ်။
 
“မိစ္ဆာချောဆိုရင်ရော..?”
 
“ဖူး…”
ရှီရှန်းလည်း မအောင့်ထားနိုင်ပဲ ထရယ်လိုက်တော့တယ်။
 
‘ဒီမိစ္ဆာလေးတွေက အရမ်းချစ်စရာကောင်းတာပဲ.. ဘာတဲ့.. မိစ္ဆာချောတဲ့..’
 
“…… မင်းဘာရယ်တာလဲ..? မင်းရော အဲ့ကောင်ကို ဘယ်လိုဖော်ညွှန်းရမယ်ဆိုတာသိလို့လား..?”
မိစ္ဆာလေးက ပြောလိုက်တယ်..
 
ရှီရှန်းက ပြုံးချင်စိတ်ကိုအောင့်ထားလိုက်ပြီး.
“နင်တို့သူ့ကို ‘ခွေးလိုလူ’လို့ ခေါ်လို့ရတယ်..”
 
(Note.. ရှီရှန်းပြောချင်တာက ခွေးလိုယုံကြည်ရတဲ့လူလို့ ပြောချင်တာပါ..)
 
“ဒါပေမယ့် သူက ခွေးမှမဟုတ်တာ..”
သူက မြွေမဟုတ်ဘူးလား..?
 
“ဒါက သူ့ကို ချီးမွမ်းတင်စားတာလေ..”
ရှီရှန်းက ခပ်တည်တည်ပဲ ပြန်ဖြေလိုက်တယ်။
 
“အဲ့လိုလား..?”
 
“ဒါပေါ့..”
 
မိစ္ဆာလေးတွေအဖွဲ့က သံသယဝင်နေဆဲပဲ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ယုံကြည်သွားကြတယ်။ ထို့နောက် ‘ခွေးလိုလူ’ ဆိုပြီး အကျယ်ကြီးအော်ဟစ်နေကြတော့လေရော။
 
ရှီရှန်းခမျာ အော်ရယ်မိပြန်တယ်..
‘သူတို့တွေက လူရိုင်းတွေမဟုတ်ပေမယ့် အရမ်းရိုးသားကြတာပဲ..’
 
‘ရွှမ်ဖုန်းသာ ဒီလိုခေါ်သံကိုကြားရင် ဘယ်လိုဖြစ်သွားမလဲ အရမ်းကိုသိချင်နေပြီ.. အရမ်းရယ်ရမှာပဲ..’
 
“ငါတို့ မနက်ဖြန်တိုက်ခိုက်ကြရတော့မှာလား..?”
မိစ္ဆာလေးတွေက စကားလမ်းကြောင်းပြောင်းလိုက်တယ်။
 
“ငါလည်း မသိဘူးလေ.. စောင့်ကြည့်ကြတာပေါ့.. မတိုက်ခိုက်ရတာအတော်ကြာခဲ့ပြီ.. ဒီအချိန်ကို တကယ်ကြီး စောင့်မျှော်နေခဲ့တာကွ..”
 
ဘေးပတ်လည်ကမိစ္ဆာတိုင်းက ထောက်ခံလိုက်ကြတယ်။
 
သူတို့ပြောနေတဲ့ ရောက်တတ်ရာရာစကားတွေကိုနားထောင်ရင်း ရှီရှန်းလည်း သူတို့အနားမှာ ထိုင်ချလိုက်တယ်။ နည်းနည်းစိတ်ဝင်စားဖို့ကောင်းတယ်လေ။
 
‘မိစ္ဆာလေးတွေက မိစ္ဆာလောက,ကနေ အပြင်ကိုမထွက်ဖူးကြဘူးဆို‌တော့ သူတို့ရဲ့အတွေးတွေက သူများတွေနဲ့မတူဘူး။ နားထောင်ရတာ စိတ်ဝင်စားဖို့ကောင်းတယ်..’
 
သန်းခေါင်ယံရောက်တော့ ဆူညံသံတွေ ထွက်ပေါ်လာခဲ့တော့တယ်။
 
“ဘာတွေ ဖြစ်နေကြတာလဲ..?”
 
မိစ္ဆာလေးတွေက အရှေ့ကိုတက်သွားပြီး တိုးကြိတ်ကြည့်လိုက်ကြတယ်။ မြောက်များလှစွာသောမိစ္ဆာအုပ်ကြီးက သူတို့ရဲ့အရှေ့မှာရှိနေပြီး ပရမ်းပတာဖြစ်နေတော့တာပဲ။ သူတို့ကိုယ်တိုင်တောင် ဘာတွေဖြစ်လို့ဖြစ်နေမှန်း မသိကြတော့ဘူး…
 
“ပြေးကြဟေ့..”
 
“ပြေးကြ…”
 
တစ်ယောက်က စအော်လိုက်တယ်။ အနောက်ကမိစ္ဆာတွေလည်း အရှေ့မှာ ဘာဖြစ်နေသလဲဆိုတာကို ဂရုမစိုက်ကြတော့ဘူး။ နောက်ပြန်ပြေးဖို့သာ ခြေလှမ်းပြင်နေကြတော့တယ်။
 
ရှီရှန်းက အရှေ့တက်သွားလိုက်တယ်။ လမ်းတစ်လျှောက်လုံးက မိစ္ဆာလေးတွေရဲ့ ကြောက်လန့်တကြားငိုကြွေးသံတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ ထိုအသံတွေက ညအမှောင်မှာတော့ တကယ့်ကိုခြောက်ခြားဖွယ်ရာပင်။
 
တိုက်ပွဲနေရာရောက်တော့ မကောင်းဆိုးဝါးကြီးတစ်ကောင်ကို မိစ္ဆာလေးတွေက ဝိုင်းတိုက်ခိုက်နေကြတယ်။
 
‘ဒါကြီးက ဘာကောင်ကြီးလဲဟ.. သန္ဓေပြောင်းအကောင်ကြီးလား..?’
 
ခြေလေးချောင်းနဲ့ ခေါင်းနှစ်လုံးရှိနေတဲ့ နဂါးလိုအကောင်ကြီး။ ဦးခေါင်းတစ်ဖက်စီမှာ ဦးချိုတွေရှိနေပြီး အတောင်ပံလည်းပါသေးတယ်။
 
‘သောက်ကျိုးနည်း…
ကမ္ဘာအသစ်ကို ရောက်နေတာများလား..?’
 
“ပြေး…”
 
မိစ္ဆာပေါက်စလေးတွေက ဒီလိုသန္ဓေပြောင်းမကောင်းဆိုးဝါးကြီးကို ရင်ဆိုင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ မြေခွေးဘုရင်နဲ့ တခြားမိစ္ဆာကြီးတွေကပဲ မကောင်းဆိုးဝါးကြီးကို ပြန်လည်တိုက်ခိုက်ကြတော့တယ်။
 
ရွှမ်ဖုန်းကတော ချိုင့်ဝှမ်းတစ်ခုထဲမှာ သူ့လူတွေနဲ့ရှိနေခဲ့တယ်။ နည်းနည်းဝေးနေတော့ ရှီရှန်းလည်း သူ့ရဲ့အမူအယာကို သဲသဲကွဲကွဲမမြင်ရဘူး။
 
“အရှင်မင်းကြီး..”
 
စူးစူးဝါးဝါးအော်ဟစ်သံက ရှီရှန်းရဲ့အာရုံကို ဖမ်းစားလိုက်တယ်။ လှည့်ကြည့်လိုက်တော့ မကောင်းဆိုးဝါးကြီးရဲ့ခေါင်းတစ်လုံးက မြေခွေးဘုရင်ကြီးကို ကိုက်ခဲထားခဲ့တယ်။ မိစ္ဆာတွေက မြေခွေးဘုရင်ကြီးကို ကယ်တင်ဖို့ကြိုးစားကြပေမယ့် မကောင်းဆိုးဝါးကြီးကအရမ်းမြင့်လွန်းတော့ မတတ်နိုင်ခဲ့ဘူး။
 
ရှီရှန်းလည်း သက်ပြင်းချလိုက်ပြီး ဓားကိုဆွဲထုတ်လိုက်တယ်။ ဓားကိုဝှေ့ရမ်းလိုက်ပြီး မကောင်းဆိုးဝါးကြီးဆီကို ပျံသန်းသွားလိုက်တယ်။
 
မြေခွေးဘုရင်ကြီးက ရှီရှန်းကို ရုတ်တရက်မြင်လိုက်ရတော့ ကြောင်အ,သွားပြီးအော်ဟစ်လိုက်တယ်။
 
“ဒီကို ဘာလာလုပ်တာလဲ.. မျိုးမစစ်လေး.. အဝေးကို သွားစမ်း..”
 
ရှီရှန်းလည်း မျက်လုံးပင့်လိုက်ပြီး ဓားနဲ့ထိုးပစ်လိုက်တယ်။ မြေခွေးဘုရင်တွေးမိတာက….
 
‘ဒီမျိုးမစစ်လေး.. အဖေကိုတောင် သတ်ရဲတယ်..?’
 
“ရွှစ်…”
 
ပူနွေးနွေးသွေးတွေက မြေခွေးဘုရင်ရဲ့မျက်နှာပေါ်ကို ပတ်ဖြန်းလိုက်သလိုပဲ။ ရုတ်တရက် ဟန်ချက်ပျက်ပြီး မြေကြီးပေါ်ကို ပြုတ်ကျသွားတော့တယ်..
 
“ဝေါင်း..”
 
ခေါင်းတစ်လုံးဆုံးရှုံးလိုက်ရတဲ့ မကောင်းဆိုးဝါးကြီးလည်း ဒေါသတကြီးပတ်ရမ်းနေတော့တယ်။ သူ့အနားမှာရှိနေတဲ့ မိစ္ဆာလေးတွေအတွက်ကတော့ ကံဆိုးတာပဲ။ အကုန်လုံး မြေကြီးပေါ်မှာ ပြားကပ်သွားတော့တယ်။
 
ရှီရှန်းက မကောင်းဆိုးဝါးကြီးရဲ့ကျောပေါ် ခုန်တက်လိုက်ပြီး ကျောရိုးတစ်လျှောက် ဦးခေါင်းပေါ်ကိုပြေးတက်သွားလိုက်တယ်။ မကောင်းဆိုးဝါးကြီးကလည်း သူမကိုခါချလိုက်ပေမယ့် အချည်းနှီးသာ။ ရှီရှန်းလည်း ဓားကိုမြှောက်လိုက်ပြီး မကောင်းဆိုးဝါးကြီးရဲ့ဦးခေါင်းထဲကို ထိုးသွင်းလိုက်တယ်။
 
အပြာရောင်အလင်းတန်းတချို့က အနီးပတ်ဝန်းကျင်ကိုဖုံးလွှမ်းသွားပြီး လူတိုင်းရဲ့အမြင်အာရုံကို ထွေပြားသွားစေခဲ့တယ်။
 
ထို့နောက် မကောင်းဆိုးဝါးကြီးရဲ့ခန္ဓာကိုယ်က မြေကြီးပေါ်ကို တအိအိနဲ့လဲပြိုကျသွားတော့တယ်။ မြေပြင်နဲ့ရိုက်ခတ်သွားတဲ့အချိန် တောင်တစ်ခုလုံးကို တုန်ခါသွားစေခဲ့တယ်။
 
ရွှံ့တွေ၊ သွေးတွေနဲ့ဖုံးလွှမ်းနေတဲ့ မြေခွေးဘုရင်ကြီးခမျာ မျက်လုံးတောင်မဖွင့်နိုင်တော့ဘူး။
 
‘ငါ့သမီးလေးက ဒီမကောင်းဆိုးဝါးကြီးကိုသတ်နိုင်တယ်..? ဒီလို ကြမ်းကြုတ်ရက်စက်တဲ့ မကောင်းဆိုးဝါးကြီးကိုလေ…’
 
မကောင်းဆိုးဝါးကြီးရဲ့အရေခံက အရမ်းမာကျောတာကြောင့် သူတို့တွေရဲ့လက်နက်တွေနဲ့ ထိုးဖောက်လို့မရခဲ့ဘူး။ ပူးပေါင်းတိုက်ခိုက်ခဲ့တာတောင် လုံးဝအသုံးမဝင်ခဲ့ဘူး။ မြေခွေးဘုရင်ကြီးခမျာ ရိုလာကိုစတာစီးနေသလို ခံစားလိုက်ရတယ်။
 
ရှီရှန်းက သူ့အရှေ့ကိုသွားလိုက်တယ်။ သူ့မြင်ကွင်းကမသဲကွဲတာကြောင့် သူမရဲ့ပုံရိပ်‌လေးကို မသဲမကွဲပဲမြင်လိုက်ရတယ်။ မြေခွေးဘုရင်ကြီးလည်း သူ့သမီးလေးကိုတွေ့ရတော့မှ သက်ပြင်းချလိုက်တယ်။ ကိုးရိုးကားရားအခြေအနေကို လျစ်လျူရှုလိုက်ပြီး သူ့မျက်နှာပေါ်ကရွှံ့တွေကို လက်ဖြင့်သုတ်ကာ မတ်တပ်ရပ်လိုက်တယ်။
 
“မျိုးမစစ်လေး…တစ်ကမ္ဘာလုံးကို ဇောက်ထိုးမှောက်ခုံလုပ်ဖို့ ကြံနေတာလား..?”
 
ဆူငေါက်လိုက်ပြီး ရှီရှန်းကို လက်မောင်းကြားထဲမှာ ဆွဲဖက်ထားလိုက်တယ်။ ခုနတုန်းကဆို နှလုံးခုန်ရပ်လုမတတ်ပဲ။ သူ့သမိးလေး အရိုးတွေကျိုးကုန်ပြီး ဒဏ်ရာရသွားမှာကို စိုးရိမ်နေခဲ့တာ..
 
ရှီရှန်းက မြေခွေးဘုရင်ကြီးရဲ့ကျောပြင်ကို အသာပုတ်ပေးလိုက်ပြီး..
“အရှင်မင်းကြီး.. ရှင့်ခန္ဓာကိုယ်က အရမ်းနံနေပြီ..”
 
‌မြေခွေးဘုရင်ကြီးရဲ့ခံစားချက်တွေက သူမရဲ့စကားကိုကြောင့် လွင့်ပျယ်သွားတော့တယ်။ ရှီရှန်းရဲ့ဦးခေါင်းကို ကိုင်လိုက်ပြီး…
 
“မျိုးမစစ်လေး… ငါ့ကို မနှစ်မြို့သလို လုပ်ရဲတယ်..?”
 
“အရှင်မင်းကြီး.. မင်းသမီးလေး..”
 
“အရှင်မင်းကြီး..”
 
တခြားမိစ္ဆာတွေလည်း  တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြတော့၏။ မြေခွေးဘုရင်ကြီးလည်း ဆက်ပြီးဆုံးမနေဖို့ မသင့်တော်တာကြောင့် ရှီရှန်းကို လွှတ်ပေးလိုက်ရတော့တယ်။ မိစ္ဆာအုပ်စုလိုက်ကြီးက ရှီရှန်းကို လေးစားစွာကြည့်နေကြလေရဲ့…
 
“မင်းသမီးလေးက အရမ်းစွမ်းအားကြီးတာပဲ..”
 
“မင်းသမီးလေး.. မင်းရဲ့ဓားကို ဘယ်ကနေရခဲ့တာလဲဟင်..? နာမည်ဘယ်လိုခေါ်လဲ..? အရမ်းမိုက်တာပဲ..”
 
ရှီးရှန်က လက်ထဲကဓားကို ဝှေ့ရမ်းလိုက်ပြီး တွေးတွေးဆဆဖြင့် ပြန်ဖြေလိုက်တယ်။
 
“မိစ္ဆာသတ်ဓား..”
 
‘မဟုတ်ဘူးလေ.. ကျွန်တော်က မိစ္ဆာသတ်ဓားမဟုတ်ဘူး..’
 
မိစ္ဆာတွေအကုန် နောက်ဆုတ်သွားကြရှာတယ်။ သူတို့တွေလည်း မိစ္ဆာပဲလေ။ အနားမှရှိနေတဲ့မိစ္ဆာတွေအကုန်လုံးက ခုနကမြင်ကွင်းကို မျက်မြင်ကြုံလိုက်တော့ လန့်ဖြန့်ကုန်ကြတယ်။ စွမ်းအားကြီးတဲ့မကောင်းဆိုးဝါးကြီးတောင် တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတယ်။ မုန်လာဥကို လှီးလိုက်သလိုပဲ…
 
သူတို့သာ ဒီဓားနဲ့အခုတ်ခံရရင် ချက်ချင်းနှစ်ပိုင်းဖြစ်သွားလိမ့်မယ်..
 
‘မင်းသမီးလေး.. ဒီလောက်ကြောက်စရာကောင်းတဲ့ဓားကို ဘယ်နေရာကနေရခဲ့တာလဲ..?’
 
“ဟိုအရူးတွေကို ပြန်ခေါ်လာခဲ့..”
မြေခွေးဘုရင်က အမိန့်ပေးလိုက်တယ်။ သူကိုယ်တိုင်က ‘ပြေး..’ လို့အမိန့်ပေးခဲ့ပေမယ့် တကယ်ထွက်ပြေးသွားတဲ့မိစ္ဆာတွေကို  စိတ်တိုနေပြန်တယ်။
 
“ဟုတ်ကဲ့..”
မိစ္ဆာတစ်ချို့က တပြိုင်တည်းထွက်သွားကြတော့တယ်။ သူတို့တွေ မိစ္ဆာသတ်ဓားအနားမှာ မနေချင်ဘူးနော်..
 
‘ကြောက်ဖို့ကောင်းတယ်..’
 
အပြေးသပ်မမြန်တဲ့မိစ္ဆာတချို့ကတော့ မိစ္ဆာသတ်ဓားကိုပဲ ငေးကြည့်နေကြတော့တယ်။
 
မြေခွေးဘုရင်ကြီးလည်း ရှီရှန်းကိုလှည့်ကြည့်ပြီး ဆူငေါက်လိုက်တယ်။
“မျိုးမစစ်လေး..”
 
‘ဘာလို့ ငါ့ကို ဆူငေါက်နေပြန်တာလဲ..?’
 
……………………………………….
 
Zawgyi

Final Boss Is No Joke (Arc-17)Where stories live. Discover now