Unicode
ရှီရှန်းက ဓားမကိုင်နိုင်ပေမယ့် ဓားက မိစ္ဆာတွေကိုသတ်နိုင်တုန်းပဲ။ မိစ္ဆာတစ်ဖွဲ့လုံးကိုသတ်ပစ်ဖို့အတွက် အချိန်အနည်းငယ်ပဲယူလိုက်ရတယ်။ ရှီရှန်းရဲ့နောက်လိုက်မိစ္ဆာလေးတွေခမျာ ငုတ်တုတ်မေ့နေကြရော…
‘မင်းသမီးလေးနောက်ကို လိုက်ဖို့ဆုံးဖြတ်လိုက်တာ မှန်သားပဲ.. နေဦး.. ပိုပြီးအရေးကြီးတာက အခုပြေးမှဖြစ်တော့မယ်..’
သူတို့တွေ ထွက်သွားမလို့ပြင်လိုက်သည့်အချိန် နောက်ထပ်မိစ္ဆာတစ်အုပ် ထပ်ရောက်လာခဲ့ပြန်တယ်။ ဇာတ်လိုက်နဲ့အတူရောက်လာတဲ့ ယွီရှောင်ချီကိုကြည့်ပြီး ရှီရှန်းလည်း သူမရဲ့လက်သေးသေးလေးကို နဖူးပေါ်တင်လိုက်မိတော့တယ်။
‘တကယ့်အနှောင့်အယှက်ပဲ..’
“ယွီရီ.. ငါနဲ့ပြန်လိုက်ခဲ့စမ်း..”
ယွီရှောင်ချီက ရှေ့နှစ်လှမ်းတိုးလိုက်ပြီး ခပ်မာမာပြောလာခဲ့တယ်။“မိစ္ဆာနယ်မြေကနေ မလွတ်မြေက်နိုင်တော့ဘူး..”
ရှီရှန်းက သူမရဲ့နားရွက်လေးတွေကို လက်နဲ့ဆော့ကစားနေလိုက်တယ်။
‘ဒီခန္ဓာကိုယ်ထဲက ပြင်းထန်တဲ့စွမ်းအားတွေကို ထပ်ပြီးမထိန်းချုပ်ထားနိုင်တော့ဘူး..”
“နင့်အပူပါလား..?”
ယွီရှောင်ချီရဲ့မျက်လုံးတွေက မည်းမှောင်လာခဲ့တယ်။
“ယွီရီ.. နင်ပြန်မလိုက်ဘူးဆိုရင် ငါ့ကိုမယဉ်ကျေးဘူးလို့ အပြစ်မတင်နဲ့တော့..”
“နင်ဘာလုပ်ချင်လို့လဲ..?”
ရှီရှန်းက ခေါင်းလေးစောင်းပြီးမေးလိုက်တယ်။ သူမရဲ့အမွှေးပွပွခန္ဓာကိုယ်လေးက ချစ်စဖွယ်အတိပင်။ ဒါပေမဲ့ သူမရဲ့အသံကတော့ ကျောချမ်းစရာကောင်းနေခဲ့တယ်။ယွီရှောင်ချီလည်း မကျေမနပ်ဖြစ်သွားပြီး ရှီရှန်းဆီကို အမြန်ပြေးသွားလိုက်တယ်။ ဒါပေမဲ့ ရှီရှန်းရဲ့ဓားက သူမကိုတားဆီးလိုက်တယ်။ ဓားဆီကဖြာထွက်နေတဲ့ရောင်ဝါတွေကြောင့် ယွီရှောင်ချီလည်း မသက်မသာခံစားလိုက်ရတယ်။
“ရွှမ်ဖုန်း..”
ရွှမ်ဖုန်းက ရှေ့ထွက်လာခဲ့ပြီး ဓားရဲ့ရောင်ဝါကိုရင်ဆိုင်လိုက်တယ်။ ယွီရှောင်ချီက ရှီရှန်းကိုတိုက်ခိုက်လိုက်တယ်။ ရှီရှန်းလည်း မိစ္ဆာလေးရဲ့လက်မောင်ကြားကနေ ခုန်ထွက်လိုက်ပြီး အမွှေးပွပွလက်သည်းများဖြင့် ယွီရှောင်ချီရဲ့ရင်ဘတ်ကို ကုတ်ခြစ်ပစ်လိုက်တယ်။