လက်ထက်ပွဲလုပ်ဖို့ နှစ်ပတ်လောက်အလိုတွင် ဦးညို စိတ်လောစွာပဲ ပစ္စည်းလေးတွေကို အနည်းငယ်ချင်းလေး စုထည့်နေမိသည်။
ကိုကိုတို့က ဘာဆိုဘာမှမလိုအောင်ထားနိုင်တာသိပေမယ့် ဦးညို တန်ဖိုးထားရသည့် ပစ္စည်းများကိုတော့ သေချာအမြတ်တနိုးယူနေမိသည်။
ဖေဖေ ပထမဆုံးဝယ်ပေးဖူးသည့် ကားကွန်ပါဘူးလေး ၊ ရောင်စုံခဲတံရောင်စုံဗူးလေး၊ဖေဖေနဲ့ပထမဆုံး တူတူဆွဲခဲ့ဖူးတဲ့ ပန်းချီပုံလေး၊ဖေဖေနဲ့တူတူသွားဝယ်ခဲ့သည့် အရှုပ်ဆက်သည့် ကားချပ်လေးစသည်ဖြင့် ကလေးဘဝကအမှတ်တရလေးတွေအကုန်လုံးကို သေချာထည့်နေမိသည်။ပျော်ရွှင်စရာသိပ်မရှိခဲ့သည့် သူ့ငယ်ဘဝက
ထိုအရာများကသာ အပျော်ရွှင်ဆုံးဖြစ်ခဲ့ရသည်။
ပုံဆွဲစာအုပ်လေးကို အကြည့်ရောက်သည့်အချိန်တွင်တော့ ဦးညို ပြုံးလိုက်မိသည်။
ထိုစာအုပ်လေးက မမသဇင်ဝယ်ပေးတာမဟုတ်ပါလား။
ဦးညိုမှတ်မိပါသေးသည်။ထိုအချိန်တုန်းက မမသဇင်က သူလိုချင်နေမှန်းသိလို့ ဝယ်ပေးခဲ့သည်ဆိုတာ။ ဘယ်လောက်ပင် ပါးစပ်ကမုန်းတယ်ပြောပြော ဦးညိုလိုချင်တာလေးတွေကို မသိမသာလမ်းကြုံသလိုနှင့် ဝယ်လာပေးတက်သည်။
မကြာခင် ကိုကိုဆီ လိုက်နေရမည်ဆိုတော့ ဦးညို ရှိရှိသမျှ အမှတ်တရပစ္စည်းတွေအားလုံးကို ထုတ်ပိုးသိမ်းဆည်းနေမိသည်။အထုတ်လေးတွေအလိုက် စီထည့်နေခိုက်
ဖုန်းဝင်လာသဖြင့် ကိုင်လိုက်သည်။“ဟယ်လို မေမေ...”
“ဟယ်လို ...သားလေးဦးညိုလား...မေမေပါ...မေမေ တစ်ပတ်နေရင် သားဆီကို ရောက်မယ်...အဲ့ဒါမေမေ သားကို လှမ်းအသိပေးတာ...”
“အာ ဟုတ်မေမေ...ဘုရားဖူးသွားတာ အဆင်ပြေခဲ့ရဲ့လားဗျ....”
“ပြေပါ့ရှင်...အကုန်လိုလေသေးမရှိ စီစဉ်ပေးတာမို့ အစားအသောက်ကအစသိပ်ပြီး စိတ်ပူစရာမရှိဘူး...မေမေအစက ဒီထက်ပိုကြာမယ်ထင်နေတာ...လမ်းခရီးနှောင့်နှေးဘာနှေးနဲ့လေ...ခုတော့ အချိန်တွေ စီမံခန့်ခွဲသွားတာလည်း မဖူးလိုက်ရတဲ့နေရာကိုမရှိဘူး...အရမ်းအဆင်ပြေတယ်...”
ဖုန်းထဲမှ မေမေရဲ့ ကျေနပ်အားရနေသောအသံကြောင့် ဦးညိုပြုံးလိုက်သည်။
တကယ်တမ်းကျ သူကိုယ်တိုင် မေမေ့ကိုလိုက်ပို့သင့်သော်လည်း ဦးညို လိုက်မပို့ဖြစ်။
မေမေဝနီဒါ သူ့ဆီရောက်လာသည့်အချိန်ကျမှ သေချာလေး ဂရုစိုက်ပြုစုရမည်ဟု တွေးထားလိုက်သည်။