ဦးညို သားကြီးနှင့်သားငယ်ကို Moonlight private schoolမှ ကြိုလာပြီးနောက် သားကြီးက မျက်နှာခပ်တည်တည်ဖြင့် ရှေ့မှဆင်းသွားသောကြောင့် ဦးညိုသားငယ်နှင့် အတူ နောက်မှဆင်းလိုက်လာလိုက်သည်။
ဘာဖြစ်လာတာပါလိမ့်ဟုတွေးရင်း သားငယ်ကို မေးဆတ်ပြလိုက်ရာ သူ့ကိုခေါင်းရမ်းပြလာသည်။ပြဿနာတစ်ခုခုများ ဖြစ်ခဲ့လို့လား ဒါမှမဟုတ် ရန်များဖြစ်ခဲ့လို့လားဟု တွေးမိသော်လည်း ဆရာမကဘာမှမပြောလိုက်သဖြင့် မဖြစ်နိုင်ပေ။
အမြဲပျော်ပျော်နေတက်သည့် ကလေးက
ခပ်တည်တည်ဖြစ်နေပြီး မျက်ဝန်းများက မှိုင်းညှို့နေသည်။တစ်စုံတစ်ရာကိုအလိုမကျသလိုပုံပေါက်သော်လည်း တစ်ဖက်တွင်တော့ဝမ်းနည်းမှုတွေယှက်သမ်းနေသည်။“သားငယ်..ကိုကို့နောက်လိုက်သွားလိုက်ဦးနော်...ပါးပါး လုပ်စရာရှိတာလုပ်ပြီး တက်လာခဲ့မယ်...”
“ဟုတ် ပါးပါး...”
သက္ကရာဇ်လေး ခေါင်းငြိမ့်ပြပြီး သူ့တို့အခန်းရှိရာသို့တက်လာလိုက်သည်။ဧကလေး private schoolမှ ပြန်ရောက်ရောက်ချင်း အဝတ်မလဲပဲ လွယ်အိတ်ကို ခုံပေါ်တင်လိုက်ပြီး ကုတင်ပေါ်မှောက်အိပ်လိုက်သည်။
စိတ်အစုံက ကျောင်းမှအဖြစ်အပျက်များကို ပြန်တွေးမိသွားရသည်။ဒီနေ့က ကျောင်းမှာ ပန်းချီပြိုင်ပွဲရှိ၍ အစမ်းအနေဖြင့် တစ်ယောက်ချင်းဆီကို black board ပေါ်မြေဖြူဖြင့် ဆွဲခိုင်းပြီး ရောင်စုံမြေဖြူချောင်းများကို အသုံးပြုကာ ပုံကိုခြယ်စေသည်။
“မင်းမြတ်ဧကဦးမာန်....”
“ဟုတ် တီချယ်...”
ဧကလေး သူ့အလှည့်ရောက်ပြီဖြစ်သဖြင့် ပြုံးလိုက်ပြီး စိတ်ကူးထားသည့်ပုံကို ရုပ်လုံးကြွပုံဖော်မည်ဟု စိတ်ကူးလျှက် ယုံကြည်မှုရှိရှိပင် စတိတ်စင်ပေါ်တက်လာလိုက်ပြီး မြေဖြူခဲဖြင့် အရင်ဆုံးပုံကိုအရင်ဆွဲလိုက်သည်။
ယူနီကွန်အရုပ်လေးဟာ လှလှပပလေးထွက်လာပြီးနောက် ဧကလေး အရောင်ခြယ်ဖို့ရာ ပြင်လိုက်သည်။
ကိုယ်ထည်ကို ပန်းရောင်လေးခြယ်ဖို့ရန်အတွက် မြေဖြူခွက်ဆီသို့လက်အလှမ်း အရောင်တွေထဲမှာမှ ပန်းရောင်က ဘယ်ဟာမှန်းမသိဖြစ်သွားသည်။