ကုဋေ ဦးညိုလေးဘေးနားမှထိုင်စောင့်နေရင်း
လက်ကလေးကိုဖွဖွလေးကိုင်ကာ မျက်နှာလေးကိုပဲတစ်စိမ့်စိမ့်ကြည့်နေမိသည်။
ခုချိန် ဘယ်အရာကိုမှ များများစားစားမတွေးချင်တော့။ဘယ်လိုအကြောင်းမျိုးနှင့်မှ အထိအခိုက်လည်း မခံနိုင်တော့။
နုနုငယ်ငယ်သေးသေးနွေးနွေး လက်ကလေးပိုင်ရှင်ကို သူဘာအကြောင်းနဲ့မှ လက်မလွှတ်နိုင်ပေ။
ကောင်ငယ်လေး အန္တရာယ်ကင်းရင်ရပြီ။
ကောင်ငယ်လေး အဆင်ပြေရင်ရပြီဟူ၍သာတွေးနေမိသည်။တစ်နေ့လုံးလူက စိုးရိမ်ပူပန်သည့်စိတ်များကြောင့် အဝတ်အစားတောင်မလဲနိုင်ဖြစ်၍ ငြီးစီစီဖြစ်နေသည်။
ထို့ကြောင့် ကိုယ်လက်သန့်ရှင်းရေးလုပ်ရင်း မာမီယူလာပေးသည့် အဝတ်အစားတွေနှင့်ပြောင်းလဲဖို့ရာအတွက် အဝတ်ထုပ်ကိုယူပြီး Toiletထဲဝင်လာလိုက်သည်။ကုဋေ ရေချိုးခန်းထဲဝင်သွားပြီး မကြာခင်
ဦးညို သတိရလာသည်။
ဦးညို သတိရရခြင်း ခေါင်းထဲမှ တရိပ်ရိပ်မူးဝေနေမှုနှင့်အတူ ခန္ဓာကိုယ်တစ်ခုလုံးလည်း ကိုင်ရိုက်ထားခံရသလို ခံစားလိုက်ရသည်။
ဦးညို ဆေးထိုးပိုက်တန်းလန်းနှင့် လက်ကိုမြှောက်ကြည့်ရင်း သားအခန်းထဲမှာ မဟုတ်ပဲ တခြားအခန်းထဲရောက်နေသည်ကိုတွေ့လိုက်ရသည်။နာရီကြည့်တော့1နာရီရှိပြီဖြစ်၍ သူအကြာကြီးမေ့သွားမှန်းသိလိုက်သည်။“သား...သားလေး...”
ဒိတ်ကနဲသော စိုးရိမ်မှုနှင့်အတူ ဦးညို ကုတင်ပေါ်မှ ထထိုင်ဖို့ရာကြိုးစားလိုက်သည်။
မိုက်ကနဲတစ်ချက်ဖြစ်သွားပြီး ခေါင်းကိုဖိကာ ကြည့်လိုက်ရာ အခန်းထဲတွင် သူတစ်ဦးထဲ မည်သူကိုမှမတွေ့ရသလို မည်သူမှလည်းမရှိ။
စိတ်ထဲတွင် စိုးရိမ်စိတ်နှင့်တူတူ ဝမ်းနည်းမှုက ကြီးထွားလာပြီး ဦးညို မျက်ရည်များဝဲတက်လာရသည်။*ကိုကိုက...ကိုကိုက...သူ့ကို တကယ်ပဲ လျစ်လျူရှု မုန်းသွားပြီလား...အဲ့ဒါကြောင့် ကိုကိုက...သူ့ကို တစ်ချက်လေးတောင်လာမကြည့်တာလား...*
ဦးညို သတိရရချင်း အတွေ့ချင်ဆုံးသူက ကိုကိုနှင့်သားလေးပင်ဖြစ်သည်။
မျှော်လင့်ချက်တွေရေစုံမျောသွားသည့်ဘဝမှာ သူဘယ်လိုအကြောင်းပြချက်မျိုးနဲ့များ ရှင်သန်ရမလဲ။
ဦးညို ပိုက်ကိုဆွဲဖြုတ်လိုက်ပြီး ကုတင်ပေါ်မှအားတင်းကာ ထလိုက်သည်။
အကြမ်းပတမ်း ဆွဲဖြုတ်လိုက်သောကြောင့် လက်မှထွက်နေသော သွေးများကိုလည်း ဂရုမပြုနိုင်။
ရင်ထဲမှာ အဆမတန်နာကျင်ခံစားနေရသည်။