part12(Unicode)

29.8K 3.2K 410
                                    

ဆေးရုံရှေ့ကို ဟန်ကျပန်ကျရောက်လာပြီးမှ အထဲဝင်ဖို့အရေး ရှင်းခန့်ချီတုံချတုံ ဖြစ်နေရသည်။နိုရာ့ကို လူနာတွေ့ခွင့်ရပြီဆိုတာမို့ ကလေးအတွက် လက်ဆောင်တွေဝယ်ပြီးမှ ဆိုင်းလော့ဒ်ဆီကို ဖုန်းဆက်လိုက်တော့ ဆေးရုံပြောင်း၍ ခွဲစိတ်ကုသမှုခံယူနေတဲ့အကြောင်းကို သိရလေသည်။ကံကြမ္မာကတိုက်ဆိုင်လွန်းစွာ နိုရာဆေးကုသမှုခံယူနေတာက ကိုကိုတို့ရဲ့ဆေးရုံမှာဖြစ်နေသည်။ဆိုင်းလော့ဒ်မှတဆင့် နိုရာ့ကိုလည်း လာတွေ့မယ်ဟု ပြောထားပြီးပြီမို့ ကလေးကမျှော်နေမှာ အသေအချာပဲဖြစ်သည်။ဖုန်းထဲကနေတောင် သူ့အသံကြားတာနှင့် နိုရာလေးက မြူးမြူးထူးထူးလေး ဖြစ်နေလေသည်။ရှင်းခန့် ကားပါကင်ထိုးပြီး ကားပေါ်မှာ အတန်ကြာအတွေးများနေပြီးမှ နောက်ဆုံး စိတ်ကိုတင်းကာ ဆေးရုံထဲသို့ ဝင်ခဲ့လိုက်၏။

ဆေးရုံထဲသို့ဝင်ဝင်ချင်း ဆေးကောင်တာမှာ စာရေးမလေးတွေကို တွေ့လိုက်ရပေမဲ့ ရင်းနှီးခဲ့ဖူးသည့်မျက်နှာတစ်ခုမှမတွေ့ပေ။ခုနစ်နှစ်တောင်ကြာပြီဆိုတော့ လူအသစ်တွေပြောင်းကုန်ပြီထင်သည်။အတွေးနှင့်အတူ ရှင်းခန့်အနည်းငယ်စိတ်အေးသွားရသည်။သို့ပေမဲ့ စိတ်လှုပ်ရှားမှုတွေကတော့ မတည်ငြိမ်နိုင်သေးပဲ ခပ်ဖြည်းဖြည်း လျှောက်ဝင်ခဲ့ရင်း ရှေ့တည့်တည့်မှ ဂျူတီကုတ်တလွှားလွှားဖြင့် လျှောက်ထွက်လာသော ဒေါက်တာထင်ကျော်အား တွေ့လိုက်ရ၍ ရှင်းခန့် လန့်သွားရသည်။နံဘေးမှ အတူလိုက်ပါလာသော သူနာပြုတစ်ချို့ကလည်း ဟိုအရင်ကိုကို့ဆီလာနေတုန်းက ရင်းနှီးနေသာမျက်နှာတွေ ဖြစ်နေ၏။ရှင်းခန့်ရင်ထဲ ထိတ်ကနဲဖြစ်သွားရကာ အနီးရှိလူနာတင်တွန်းလှည်းများဖက် မျက်နှာမူ၍မျက်နှာကိုကွယ်ကာ အလျှင်အမြန်ကျောခိုင်းလိုက်ရသည်။

"အူအတက်ပေါက်တဲ့ လက္ခဏာမျိုးပဲ ဒေါက်တာ..."

"အိုကေ အမြန်ဆုံးခွဲမယ် နုဝေနဲ့ကြည်ပြာက လိုအပ်တာတွေအသင့်ပြင်ထားတော့ ကိုစိုးနိုင် လူနာကိုအမြန်ဆုံး ခွဲခန်းရွှေ့ဖို့လုပ်တော့..."

"ဟုတ်ကဲ့ ဒေါက်တာ..."

အားလုံးက သူ့အာရုံနှင့်သူ အလုပ်များနေပုံရကာ ကျောခိုင်းထားသော သူ့ဘေးမှ ခပ်သွက်သွက် ဖြတ်ကျော်သွားကြသည်။အနည်းငယ် စိတ်လှုပ်ရှားထိတ်လန့်နေသော သူ့က်ိုတော့ ဘယ်သူမှသတိမထားမိကြပေ။ထိုလူအုပ်စု ဖြတ်ကျော်သွားမှ ရှင်းခန့်သက်ပြင်းကို ချမိသည်။

Wild  Rose(complete)Where stories live. Discover now