Part 45(Unicode)

32.2K 3.5K 486
                                    

အိမ်ကြီး၏ အပေါ်ဆုံးထပ်ရှိ ဘယ်ဖက်ထောင့်မှ အခန်းမီးရောင်လေးအား ငေးမျှော်ကြည့်ရင်း သူ့ရင်တွေတဒိတ်ဒိတ် ခုန်လှုပ်၍နေသည်။မှောင်မိုက်နေသော အိမ်ကြီးတစ်ခုလုံးမှာ ရှင်းခန့်မောင်၏ အခန်းလေးကသာ မှိန်ပြသောအလင်းရောင်သဲ့သဲ့လေးရှိနေ၏။ညဦးပိုင်းကတည်းက မီးမှောင်နေခဲ့တဲ့ အိမ်ကြီးဟာ ညနက်လာလေ ပိုပြီးအထီးကျန်တိတ်ဆိတ်နေလေဖြစ်သည်။ဟန်ကျပန်ကျဖြင့် အိမ်ရှေ့အထိရောက်လာခဲ့ပြီးမှ ကားပေါ်မှာ ဒီအတိုင်းငုတ်တုတ်ထိုင်ရင်း အချိန်တွေသာကုန်ဆုံးသွားခဲ့သည်။ဒီအိမ်ကြီးရှေ့မှာ ဒီလိုပဲလာထိုင်ရင်း အိပ်ပျက်ညတွေကို နာကျင်စွာ ကျော်ဖြတ်ခဲ့ရသည်။ချစ်ရတဲ့သူကို လက်တကမ်းမှာ လှမ်းမြင်တွေ့နေရပေမဲ့ ထိတွေ့ပိုင်ဆိုင်ခွင့်မရှိတဲ့စိတ်က သူ့ကိုအခါခါသတ်လေသည်။

အခုညတော့ သမီးဆီမှ ထောက်ခံအားပေးစကားကြောင့် သူ့စိတ်တွေ အတန်ငယ်တည်ငြိမ်လို့နေသည်။နာကျင်မှုတွေအစား ရင်ခုန်သံတွေသာ တဒိတ်ဒိတ်ဖြစ်လို့နေသည်။အခုအချိန်မှာ အဲ့ဒီလူကို ရင်ခွင်ထဲခပ်တင်းတင်း ပွေ့ဖက်ထားချင်စိတ်တို့ တဖွားဖွားဖြစ်ပေါ်နေသော်လည်း ခြေလှမ်းတို့ကတော့ ခြံရှေ့မှဆက်မလှမ်းနိုင်။ခြံတံခါးရှေ့ရပ်နေမိရင်း လျှို့ဝှက်ခလုတ်ကို ဖွင့်လိုက်ဖို့ရာ လက်မလှမ်းဝံ့ဖြစ်၍နေခဲ့သည်။အခုအချိန်ဆို အဲ့ဒီလူတစ်ယောက် အိပ်‌ပျော်နေပြီလား။သူ့လိုပဲ အိပ်ပျက်ညတွေကိုများ တစ်ကိုယ်တည်းရင်ဆိုင်နေရလောက်မလား။

သူ့ခေါင်းထဲအတွေးပေါင်းမြောက်များစွာဖြင့် ခြံတံခါးရှေ့ရပ်နေမိသည်။သူ့ရှေ့မြေပြင်ပေါ်မှာတော့ ဆေးလိပ်အတိုအစတွေသာ တစစဖြင့် ပြန့်ကျဲ၍စုပုံလာသည်။သက်ပြင်းတွေအခါခါရှိုက်ရင်း မိုးလင်းခါနီးမှ လှည့်ပြန်ခဲ့ရတဲ့အဖြစ်တွေကို သူခါးသီးနေပြီဖြစ်သည်။အဲ့ဒီလူရဲ့ ရင်ခွင်ထဲမှာ ဟိုအရင်လိုမျိုး ငြိမ်းအေးစွာ အိပ်စက်ချင်မိတော့လေသည်။ဒီညတော့ သူ့ခြေလှမ်းတွေကို ပြန်မရုတ်သိမ်းချင်တော့။ရှေ့ဆက်မတိုးနိုင်သလို နောက်ဆုတ်ဖို့လည်း သူ့မှာအင်အားမရှိချေ။ဝေးကွာရတဲ့အချိန်တွေ ကြာရှည်လာလေ သူ့ဘဝအတွက် ဒီလူတစ်ယောက်ဟာ မရှိမဖြစ်ဆိုတာ သိသာလာလေဖြစ်သည်။သူတင်းခံထားနိုင်သမျှ အင်အားတို့ဟာ ကုန်ခမ်းလုနီးပါးဖြစ်နေပြီဖြစ်သည်။ဒီလူနှင့် ဒီလိုပဲဝေးရတော့မည်ဆိုလျှင်ဖြင့် သူတကယ်ကို ဘုန်းဘုန်းလဲကျသွားတော့ပေမည်။

Wild  Rose(complete)Where stories live. Discover now