part35(Unicode)

36.2K 3.5K 701
                                    

"အလုပ်တွေတော်ပါတော့ဗျာ မောင့်အနားလာပါတော့..."

ကုတင်အား ကျောမှီထိုင်၍ လက်တော့ပ်တစ်လုံးဖြင့် အလုပ်များနေပေါသော ရှင်းခန့်၏ခါးအားပွေ့ဖက်ကာ ရင်ခွင်ထဲခေါင်းတိုးလာပြီး ဆိုင်းလော့ဒ်က ခပ်ချွဲချွဲလေးပြောသည်။‌ခွေးပေါက်လေး‌လို ခေါင်းတိုးဝှေ့၍ ချွဲနေသောကောင်လေး၏ ဆံနွယ်များအား သူငုံ့နမ်းလိုက်ပြီးမှ...

"ခဏလေး ကိုယ် ဒီစာရင်းလေးထည့်ပြီးရင် ပြီးပြီး..."

"ထားလိုက်တော့ကွာ ဘယ်သူ့ကိုမှပြန်ပြရမဲ့ အလုပ်တွေလည်းမဟုတ်ပဲနဲ့ အချိန်ရတုန်းလေး မောင့်ကို အချိန်ပေးပါဦး..."

"သြော်! ဘယ်သူ့မှပြန်မပြရပေမဲ့ စာရင်းကတော့လုပ်ထားရမှာလေ အဲ့ဒါမှ ပျောက်လားရှတာမဖြစ်မှာပေါ့ ကောင်လေးရဲ့ ခဏလေးပဲ ပြီးတော့မယ် ဖယ်ဦး..."

ဆိုင်းလော့ဒ်အား ချော့ချော့မော့မော့လေး ပြောပြီးတော့မှ ကီးဘုတ်ပေါ်မှ လက်တို့ကိုပို၍ ခပ်သွက်သွက်လှုပ်ရှားလိုက်သည်။ဆိုင်းလော့ဒ်ကတော့ မျက်နှာစူပွပွဖြင့် ‌ရင်ခွင်ထဲခေါင်းမှီတင်ထားရာမှ ဖယ်ခွာသွားသည်။

"နိုရာမရှိလို့ အနားကပ်ရမလားမှတ်ပါတယ် ဒီအလုပ်တွေပဲ နောက်နေ့ဆိုခရီးသွားရရင် သုံးရက်တောင်ခွဲရဦးမယ် ပြန်လာရင်လည်း ခင်ဗျားရဲ့ဒူးမနာသမီးလေးက တကောက်ကောက်လိုက်ပြီး ခင်ဗျားကိုအပိုင်လာစီးဦးမယ်.."

ဆိုင်းလော့ဒ် စူပွပွဖြင့်ငြီးငြူနေတော့ သူခပ်ဖွဖွရယ်မိပြီးမှ..

"ကလေးကို ငြိုငြင်နေတယ် အဲ့ဒါ မင်းဒူးနာထားတဲ့သမီးမဟုတ်ဘူးလား..."

"အေး ဒူးနာထားရတဲ့သမီးအရင်း ဖြစ်နေလို့ပေါ့၊မဟုတ်လို့ကတော့ ရိုက်ထုတ်တယ်..."

ကြည့်စမ်း!ကလေးကို....

နှစ်ယောက်သား အပြန်အလှန်စကားပြောဆိုနေဆဲ ဆိုင်းလော့ဒ်၏ဖုန်းက ထမြည်လို့လာသည်။ဖုန်းစခရင်ပေါ်သို့ သူမျက်စိစွေကြည့်မိတော့ သံသာညိုဆိုသော နာမည်ကြောင့် မျက်ခုံးတို့တွန့်သွားရသည်။သို့သော် မသိချင်ယောင်သာဆောင်၍ အကြည့်ကိုလွှဲလိုက်သည်။မရည်ရွယ်သော်လည်း နားကိုတော့စွင့်ထားမိ၏။သံသာညိုက ဒီလိုပဲဖြစ်သည်။ဆိုင်းလော့ဒ်ဆီသို့ မကြာခဏဖုန်းဆက်တက်သည်။အရင်ကတော့ ကိုယ့်ရှေ့မှာပြော‌ကြတာမျိုးလည်းမဟုတ်သလို ကိုယ်တိုင်ကလည်း တမင်ဂရုမစိုက်မိအောင် စိတ်ကိုပြင်ဆင်ထားခဲ့သည်။အခုတော့ သူ့စိတ်လေးက အနည်းငယ်လောက်ဂျစ်တိုက်ချင်နေမိသည်။ဆိုင်းလော့ဒ်၏ အချစ်အပေါ်မှာ ဆိုးသွမ်းကြည့်စိတ်တို့ ဖြစ်ပေါ်လို့နေသည်။

Wild  Rose(complete)Where stories live. Discover now