Ep-11(Unicode)

17.8K 1.9K 95
                                    





အရိပ်အာဝါသကောင်းသော ခြံကြီး၏ ညနေဆည်းဆာအောက်တွင် ခင်းကျင်းထားသော စားသောက်ဖွယ်ရာအစုံရှိသည်။စပျစ်ဝိုင်ပုလင်းတွေနဲ့အတူ အခိုင်လိုက်ဝင်းမှဲ့နေသော စပျစ်သီးများက စားပွဲတိုင်းတွင်နေရာယူထားသည်။ညိုခွန်းအပါအဝင် စံအိမ်ရှိအလုပ်သမားများသည် ဧည့်သည်တွေမရောက်ခင် အရံသင့်ဖြစ်အောင် ခင်းကျင်းထားပြီး အသီးသီးအလုပ်ရှုပ်နေကြ၏။

ဝိုင်ခွက်ထည့်တဲ့ဖန်ခွက်တွေကိုလိုက်သုတ်နေရင်း မျက်လုံးရှေ့ပေါ်လာသော မြင်ကွင်းကြောင့် ညိုခွန်းခေတ္တမှင်သတ်သွားရသည်။အနက်ရောင်အနောက်တိုင်းဝတ်စုံက တောင့်တင်းတဲ့ ကိုယ်ခန္ဓာပေါ်မှာ စမတ်ကျကျရှိနေပြီး  ဆံနွယ်အနက်တွေကိုအနောက်သို့ သပ်ရက်စွာလန်တင်ထားသည်။စရောက်တဲ့နေ့ကတည်းက သူ့ကို ပုဆိုးနဲ့သာတွေ့ဖူးပြီး အခုလို ပုံစံက တခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲကာ ပို၍စွဲဆောင်မှုအပြည့်ရှိနေသည်မှာ ငြင်းမရ။ညိုခွန်း ဘယ်လောက်ထိတောင် ငေးနေမိလဲ မသိ။သူက တစ်ချက်လှမ်းကြည့်ပြီး မျက်နှာပြန်လွှဲသွားမှ ကိုယ့်ကိုယ်ကို သတိထားမိတော့သည်။

စတင်ရောက်ရှိလာသော ဧည့်သည်တွေကြောင့် ကြာကြာဆက်မငေးနိုင်တော့။လိုအပ်တာ လိုက်လုပ်ရင်း ဧည့်သည်တွေနဲ့စကားပြောနေသော လေးကြိုင်ဘေးက သူ့ကို ရတဲ့အချိန် အမိအရ လှမ်းကြည့်ရတာ အမော။ဒါပေမဲ့ အမောပြေလေး။

စံအိမ်ကို ရောက်လာတဲ့လူတွေမှာ အမျိုးစုံ၊စရိုက်အစုံဖြစ်သည်။စီးပွားပျက်ပြီးချောက်ထဲကျခါနီးမှ ဘာလို့ ပါတီပွဲထလုပ်လဲမေးရင် ဉာဏ်နီ၊ဉာဏ်နက်၊ ဉာဏ်ရောင်စုံလင်းသော စီးပွားရေးသမားတွေရဲ့စနက်လို့ပြောရမည်။အတိအကျဆိုရင် လေးကြိုင်ရဲ့ လမ်းခင်းမှုဖြစ်လေသည်။အခုပွဲမှာ တချိန်က လက်အောက်ခံ နယ်မြေက လူတွေအပြင် လူမိုက်ကြေးစားတွေအစ လက်ရှိအရာရာပြီးနိုင်သော အကောင်ကြီးကြီးအမြီးရှည်ရှည်တွေအဆုံး တက်ရောက်သည့်ပွဲ။နောက်ကျောကို ဓားနဲ့ထိုးထားတဲ့ သစ္စာဖောက်တွေတော့မပါဘူး။

တဖြည်းဖြည်း ညဉ့်နက်လာတဲ့အခါ ဟေးလားဝါးလားကနေ တကယ့်အတိတကျ အကျိုးအမြတ်ရရေးအတွက် ဆွေးနွေးရန် လေးကြိုင်နဲ့လူတချို့  စားပွဲဝိုင်းတစ်ခုတည်းမှာပဲတည်လိုက်ကြသည်။ညိုခွန်း လှမ်းကြည့်နေရင်းမှာပဲ ထိုလူအုပ်ထဲကနေ ခွဲထွက်လာသောတိမ်နက်က ပါတီရဲ့ခပ်ဝေးဝေးရှိ ခြံ၏ထောင့်တစ်နေရာကိုလျှောက်သွားသည်။ သူ့ကြည့်ရတာ လူများလို့ စိတ်ရှုပ်နေသည့်ဟန်။ ညိုခွန်းလက်ထဲက အရံသင့်ကိုင်ထားသော ဝိုင်ခွက်ကို ယူပြီး သူ့အနားလျှောက်သွားလိုက်သည်။

ဂန္တဝင်လူမိုက်ကြီးကို ချစ်ရေးဆိုမည်Where stories live. Discover now