Ep-27(Unicode)

16.4K 1.6K 50
                                    


လရောင်မရှိသော ညတစ်ည ။ ကျွန်း၏အရှေ့ရပ်ဆီက တောင်ကုန်းတစ်ခုပေါ်တွင် အလင်းရောင်ပြပြရှိနေသည်။ဆေးဖယောင်းတိုင်ဟုထင်ရသော မီးတောက်ငယ်လေးများက စည်းဝိုင်းပမာ ပတ်ပတ်လည်ထွန်းညှိထားပြီး အသားစိမ်းတချို့လည်း ရှိနေ၏။

"အဆင်သင့်ဖြစ်ပြီလား ယက္ခ"

အသားညိုညို ၊ထွားကြိုင်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော လူကြီးတစ်ယောက်က ယက္ခကိုမေးသည်။သူ၏မျက်လုံးများက အပြာတစ်ဖက် အစိမ်းတစ်ဖက်ရှိသော်လည်း ယက္ခမျက်လုံးများမှာတော့ သာမန်လူလို နှစ်ဖက်လုံး အနက်ရောင်သာရှိသေးသည်။
စည်းဝိုင်းအလယ်မှာ ဘေးတစ်စောင်းအနေအထားဖြင့် ထိုင်နေသော သူ့ကိုယ်တွင် ထုံးစံအတိုင်းအပေါ်ပိုင်း အဝတ်မကပ်ပေ။လက်တစ်ဖက်ကို ပခုံးအပေါ် မြှောက်လိုက်တော့ တောင့်တင်းနေသော ကြွက်သားများက ဖယောင်းတိုင်မီးရောင်အောက်တွင် ချွေးစတို့ကြောင့် ဝင်းလတ်နေ၏။

"စလို့ ရပြီ ဆရာ"

"ငါထပ်မေးမယ် သေချာသလား ဆေးမှင်ကြောင်မပြီးမချင်း မင်းစည်းဝိုင်းအပြင်ကို ထွက်လို့မရဘူးနော် "

" ကျွန်တော် သေချာပါတယ် "

ဆရာဖြစ်သူက ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး ဘေးက ဆေးခွက်ကို ကောက်ကိုင်လိုက်သည်။ထို့နော​က် အထုပ်ဖြင့်ထည့်ထားသော အမှုန့်တို့အား အချိုးကျစွာရောနှောပြီးချိန် အဝတ်စအနီဖြင့် စည်းထားသော စုတ်တံအားယူလိုက်သည်။တကယ်တော့ ထိုစုတ်တံမှာ မြင်နေကျ သစ်သားတို့ ၊ကြေးတို့်ဖြင့်လုပ်ထားတာမဟုတ်ဘဲ လူတစ်ယောက်ရဲ့ လက်ဖျံရိုးတစ်ခုဖြစ်လေ၏။ချွန်မြနေသော အရိုး၏တစ်ဖက်ကို ဆေးတို့လိုက်ပြီး ဆရာ၏ နှုတ်မှ ဂါထာမန္တန်  အဆက်မပြတ်ရွတ်ဆိုသံမှာ ထစ်ငေ့ါခြင်းမရှိ။

အသားပေါ်သို့ အင်းကွက်ချတိုင်း နာကျင်လှသော်လည်း ယက္ခနည်းနည်းလေးမှ တွန့်၍ မသွား။ နံချောင်ဘေးမှာ သွေးရဲရဲနီနေတဲ့အထိ သစ်ကိုင်းတစ်ခုကိုသာ ကိုက်ထားလိုက်သည်။

အင်းကွက် ပုံစံပေါ်လာလေ ဆရာရဲ့ ရွတ်ဆိုသံတွေက သူ့နားထဲ ပြတ်သားလာလေဖြစ်ပြီး အချိန်နာရီတွေ ရပ်တန့်သွားသလို ပတ်ဝန်းကျင်မှာ အသံမရှိတော့။ရေလှိုင်းရိုက်ခတ်သံပါ ကင်းမဲ့လျက်။တဖြည်းဖြည်း တိုးကပ်လာတဲ့ အရိပ်မည်းတွေကြား သူ့ရဲ့ အမြင်အာရုံကလည်း အရောင်တွေ ယှက်သမ်းလာခဲ့သည်။

ဂန္တဝင်လူမိုက်ကြီးကို ချစ်ရေးဆိုမည်Where stories live. Discover now