part23(Unicode)

32.6K 3.2K 393
                                    

‌သုံးရက်လုံးလုံး အထီးကျန်ဆန်စွာ လစ်ဟာဖျော့တော့နေခဲ့တဲ့စိတ်ဟာ မိနစ်အနည်းငယ်လောက် လေလှိုင်းထဲမှ ဆက်သွယ်မှုလေးအပြီးမှာတော့ ပြီးပြည့်စုံခြင်းဟူသော ကြည်နူးမှုဓာတ်သက်လေးကို ရရှိစေလေသည်။ထိုတဒင်္ဂအချိန်အပိုင်းခြားလေးဟာ သူ့အတွက်တော့ နောက်ထပ်နေ့ရက်တွေအတွက် အားအင်တွေကို အပြည့်အဝရလိုက်သလိုမျိုး။ပြီးတော့ အားကုန်နေတဲ့ဖုန်းတစ်လုံးကို အားသွင်းလိုက်သလိုမျိုးပဲ။နောက်တစ်နေ့မှာ အားပြည့်အင်ပြည့်နဲ့ လန်းဆန်းတက်ကြွနေခဲ့တာ အံ့သြစရာပဲ။လူဟာတိမ်တွေပေါ်မှာ လွင့်နေသလိုလို။ပန်းမွေ့ယာပေါ်မှာ လှိမ့်နေရသလိုလို။ပုံမှန်အတိုင်းပြာလွင်နေတဲ့ ကောင်းကင်ကြီးဟာလည်းပိုလှနေသလို လမ်းမပေါ်ဥဒဟို သွားလာလှုပ်ရှားနေသူတိုင်းဟာလည်း လှပလို့နေသည်။မြင်မြင်သမျှ အရာအားလုံးဟာ မျက်စိပဒေဿဖြစ်လွန်းနေတာလည်း ထူးဆန်သည်။စိတ်အစဥ်ဟာလည်း ကြည်လင်လန်းဆန်နေလိုက်တာများဆိုတာ။ဒီကောင်လေးရဲ့ ဖြစ်တည်မှုတစ်ခုဟာ သူ့အပေါ်မှာအဲ့လောက်အထိ သက်ရောက်မှုရှိနေခဲ့ပြီတဲ့လား။သူ သတိမပြုမိလိုက်တဲ့ အချိန်အတောအတွင်းမှာပဲ ဒီကောင်လေးဟာ သူ့ရဲ့သဘောကျမှုနယ်ပယ်ထဲကို အလိုအလျောက်ပဲ ရောက်ရှိနေခဲ့ပြီတဲ့လား။

"ဘာတွေများ ပျော်စရာရှိနေလို့ ဒီလောက်တောင်ပြုံးနေရတာလဲ ကိုရှင်းရဲ့"

မမွန်ရဲ့စကားကို ကြားတော့မှ မျက်စိရှေ့က စာရင်းတွေကိုကြည့်နေရင်း မမြင်နေခဲ့တဲ့ကိုယ့်အဖြစ်ကို သတိပြုမိတော့သည်။အလျှင်အမြန်ပဲ မျက်နှာအမူအယာအား ပြုပြင်လိုက်ရင်းဖြင့် စစ်ဆေးစရာရှိတာကို ခပ်မြန်မြန်ကြည့်ရှု့လိုက်ပြီး...

"အင်း ဘာရယ်မဟုတ်ပါဘူး ဒီလိုပါပဲ....."

ရှင်းခန့်က ပုံမှန်လေသံလေးဖြင့် ပြန်ပြောပြီး စာရင်းစာအုပ်အား ပြန်ပိတ်၍ မမွန်ဆီသို့ပြန်ပေးလိုက်၏။မမွန်က အလိုက်တသိ ထပ်မမေးတော့ပဲ အပြင်သို့ပြန်ထွက်သွားမှ သူထိုင်ခုံမှာ ‌ကျောမှီချလိုက်သည်။သုံးရက်လုံးလုံး စိတ်နှင့်လူကမကပ်တော့ အလုပ်တွေဟာဟိုမပြီး ဒီမပြတ်ဖြင့် ပုံထပ်နေခဲ့၏။မနက်စာကိုတောင် အလုပ်ခန်းထဲယူစားရင်း လုပ်လက်စတွေကို အပြီးသတ်ဖို့ကြိုးစားနေလိုက်တာ ခဏလေးနဲ့ အချိန်တွေဘယ်လိုကုန်သွားမှန်တောင် မလိုက်ချေ။အခုနာရီကြည့်တော့ နေ့လည်၂နာရီတောင်ရှိနေပြီ။အလုပ်ခန်းထဲမှ ထွက်ခဲ့လိုက်ပြီး နေ့လည်စာစားဖို့ရာ အပေါ်ထပ်သို့တက်ခဲ့လိုက်သည်။အုပ်ဆောင်းမှာ အဆင်သင့်ရှိနေတဲ့ စားစရာတွေကိုကြည့်ရင်း ဆာလောင်စိတ်ဟာလည်း တစိုးတစိမှရှိမနေချေ။အဒေါ်ကြီးက သူလုပ်ရမဲ့အလုပ်မှန်သမျှတော့ တာဝန်ကျေအောင်လုပ်ပေးသည်။စားချိန်တန်ရင်စားဖို့ အဆင်သင့်ဖြစ်နေစေသည်။ဘာတစ်ခုမှ မလစ်ဟင်းစေရ။သို့ပေမဲ့ အလုပ်သမားဆိုသော တာဝန်ကျေမှုများသာ။သူထမင်းစားနာက်ကျတာဖြစ်ဖြစ် စောတာဖြစ်ဖြစ် မျက်စိဒေါက်ထောက်လိုက်ကြည့်နေခြင်းမျိုးတော့ မဟုတ်ပေ။

Wild  Rose(complete)Where stories live. Discover now