After Falling In Love-8(Unicode)

60.8K 4.9K 1K
                                    


ပန်းကန်များကို အဝတ်စဖြင့် ခပ်ဖွဖွသုတ်နေရင်း လင်းထက်ရင်ထဲ တလှပ်လှပ်ဖြစ်နေသည်။ စောင်းငဲ့ကြည့်တိုင်းမှာဆုံရသည့် နွေးထွေးကြည်စင်သော မျက်ဝန်းများနှင့် ချိုမြမြအပြုံးနုနုတို့ဟာ လင်းထက်တစ်ကိုယ်လုံးကို အခါခပ်သိမ်း နွေးထွေးလုံခြုံစေသလိုမျိုး။ ခပ်သင်းသင်းရနေသည့် စန္ဒကူးနံ့မွှေးမွှေးဟာ လင်းထက်ရင်းနှီးခဲ့သော တစ်စုံတစ်ယောက်၏ ကိုယ်သင်းရနံ့နှင့် အလားတူစွာ သင်းပျံ့နွေးထွေးနေစေသည်။

မည်းနက်နက်မျက်ခုံးများနှင့် ရင့်ကျက်တည်ငြိမ်လှသည့်မျက်ဝန်းထက်ထက်တို့ဟာလည်း တစ်စုံတစ်ယောက်နှင့် ချွတ်ဆွတ်နီးပါး ထပ်တူကျနေပါသည်။ မာန်မာနအလျဥ်းကင်းသည့်ထိုမျက်ဝန်းအစုံတို့ဟာ သိမ်မွေ့ခြင်း အသွင်ကိုဆောင်သည်။

အလှပေါ်အယဥ်ဆင့်လျက် ကျက်သရေအဖြာဖြာပြည့်ဝနေသည့် နူးညံ့လှသော ထိုအမျိုးသမီးကြီးဟာ ထိုလူကြီး၏မိခင်ဒေါ်တင်တင်သူတဲ့။

လင်းထက် မြတ်နိုးရသော အမျိုးသား၏မိခင်ဟာလည်း မြတ်နိုးဖွယ်ရာအတိပြီးသော အမျိုးသမီးတစ်ဦးပါပဲ။

စင်စစ်အားဖြင့်တော့ သည်နေ့ ထိုအမျိုးသမီး၏မွေးနေ့။ မနက်ပိုင်း ဆွမ်းကပ်ပြီး နေ့လည်မှာ အုန်းနို့ခေါက်ဆွဲကျွေးသည်ကို လင်းထက်က ဧည့်သည်အနေနှင့်တစ်ဖုံ ဝိုင်းကူသည့်သဘောဖြင့်တစ်မျိုး ပထမဆုံးအကြိမ်ထိုလူကြီး၏အိမ်သို့ ရောက်ခဲ့ရခြင်းဖြစ်သည်။ လင်းထက်တစ်ယောက်တည်းတော့ မဟုတ်။ ဝေဝေတို့ကောင်းကောင်းတို့ရောပါခဲ့သည့်အပြင် အစ်မမေသဇင်နှင့်ကျန်ဂျူတီအားသည့်အစ်ကိုအစ်မများပါ ပါကြသေးသည်။

နေ့လည် အားလုံးပြီးစီးတော့ သူတို့ကပြန်သွားကြပေမဲ့ လင်းထက်ကတော့ ထိုလူကြီးနှင့်စာလုပ်မည်ဟူသော အကြောင်းပြချက်ဖြင့် ကျန်ခဲ့ခြင်းသာ။ တကယ်လည်း ထိုလူကြီးကို မေးစရာစာတွေရှိလေသောကြောင့်။

နောက်ပြီး ထိုလူကြီး၏မိခင်ကိုယ်တိုင်ကလည်း ညနေစာစားပြီးမှပြန်ဟု ဆိုထားလေသောကြောင့်။ လင်းထက် အလွန်သဘောကျသည့် စန္ဒကူးမြစ်လေးတွေကို လက်ဆောင် ထည့်ပေးချင်သေးလို့တဲ့။ ထိုအမျိုးသမီးနှင့် စကားပြောရတိုင်း လှိုက်ဖိုရသည့်ခံစားချက်တို့က ဟိုလူကြီးအပေါ် ထားရှိသော ချစ်ခြင်းမေတ္တာတို့နှင့်များ တိုက်ရိုက်အချိုးကျ​ေနလေသလားမသိ။

သားဖွားခန်းက ရင်ခုန်သံ(သားဖြားခန္းက ရင္ခုန္သံ)(Complete)Where stories live. Discover now