After Falling In Love-10(Unicode)

59.1K 4.5K 777
                                    

တရိပ်ရိပ်ပြေးနေသော ကားပြတင်းမှ လှမ်းမြင်ရသော ရှုမျှော်ခင်းအသွယ်သွယ်တို့က စိမ်းတလှည့်ပြာတလှည့်။ တောင်ကွယ်တွင် ခါးစောင်းတင်စပြုနေပြီဖြစ်သော မနက်ခင်း နေဝန်းနီနီ၏ရောင်နီတို့ကလည်း တစ်စတစ်စ တိုးလို့ပျိုးလာနေသည်။

ကား၏အလျင်နှင့်အပြိုင် တဟူးဟူးတို့ဝှေ့နေသော လေကြမ်းကြမ်းတို့ကြောင့် သူ့၏ဆံပင်တို့က လေယူရာတိမ်း ထိန်းမနိုင်စွာ ယိမ်းနေကြသည်။ မျက်လုံးတွေထဲ လာလာဝင်စိုက်သည့်အခါများတွင်တော့ မှီတွယ်ထားမိသော ပခုံးပိုင်ရှင်၏ လက်တစ်စုံက ဂရုတစိုက်ဖယ်ခွာပေးနေပြီး ​အကျိုး၏အကြောင်းဖြစ်သည့် ပြတင်းပေါက်ကို ပိတ်ပစ်လိုက်ဖို့ တာဆူနေတာလည်း အခါခါ။

"အစ်ကိုကလည်း ထားလိုက်ပါ၊ ပိတ်လိုက်ရင် လှောင်သွားမှာပေါ့"

"မင်းဆံပင်တွေက ဘယ်လိုလုပ်မလဲ၊ ပြီးရင် လေကကြမ်းကြမ်းနဲ့ မျက်လုံးတွေက စပ်ဦးမယ်"

"မစပ်ပါဘူး၊ တစ်ခါတလေပဲကို"

မရိုးနိုင်သည့် မျက်မှောင်ကိုသာချီရင်း ကြည့်လာသူ။

"ဒါနဲ့ အဲဆံပင်ကရော ဘာလို့အဲလောက် ရှည်အောင် ထားနေတာလဲ၊ နောက်နေ့ ဖြတ်ပစ်လိုက်"

"အာ မဖြတ်ပါဘူးနော်၊ ကျွန်တော် ဆေးဆိုးမလို့"

"ဘာကိစ္စဆိုးမှာလဲ၊ အလကားသက်သက် ဆံပင်တွေပျက်စီးအောင်"

"တစ်နှစ်ပဲလေ၊ ပို့စ်တင်ဝင်ရင်လည်း ညှပ်ရမှာပဲမို့ မညှပ်ခင်လေး ဆိုးလိုက်မှာ၊ ကျွန်တော် တွေ့ထားတာလေးရှိတယ်၊ ဘလူးဟိုက်လိုက်ကလေး၊ မိုက်တယ်"

"မူရင်းအနက်ထက်များပိုမိုက်တာ ရှိဦးမလား၊ မဆိုးရဘူး၊ ခရီးကပြန်တာနဲ့ ညှပ်ရမယ်"

"အစ်ကိုနော်၊ ကျွန်တော် တောင်တက်လည်း မလိုက်ရဘူး၊ ကမ်းခြေလည်းမသွားရဘူး၊ ကျိုက်ထီးရိုးလည်း မဖူးရဘူး၊ အခု ဆံပင်ပါမဆိုးရတော့ဘူးလား"

အလုပ်သင်ကာလပြီးသည့်အထိန်းအမှတ် သူငယ်ချင်းတွေစုပြီးသွားကြသည့် ခုနစ်ရက် တောင်တက်ခရီးကို ဦးစိတ်ပိုက စိတ်မချဘူးဆိုပြီးမလွှတ်၍ သူမလိုက်ရ။

သားဖွားခန်းက ရင်ခုန်သံ(သားဖြားခန္းက ရင္ခုန္သံ)(Complete)Where stories live. Discover now