After Falling In Love-15(Unicode)

63.1K 4.4K 749
                                    

"အစ်မ အသက်ကို ဝအောင်ရှူသွင်းပြီးမှ အရှည်ကြီး ညှစ်ရမယ်နော်၊ ဗိုက်ကနာလာပြီဆိုတာနဲ့ အစ်မက အားစိုက်ပြီးညှစ်ရမယ်၊ ကလေးရဲ့တွန်းအားကို အစ်မရဲ့ညှစ်အားနဲ့ကူမှရမယ်၊ ဒါမှ သမီးလေးက မြန်မြန်ထွက်လာနိုင်မှာ"

ကိုယ်ဝန်ဆောင်မိခင်အား နားချနေသော ကလေးမွေးပေးသည့် ဆရာဝန်အမျိုးသား၏အသံက မြောက်ဥက္ကလာ သားဖွားဆောင်၏ သားဖွားခန်းထဲ တည်ငြိမ်ကြည်လင်စွာ ထွက်ပေါ်နေသည်။

ထိုခုတင်၏ဘေးတွင်မူ အလုပ်သင်ဆရာဝန်လေး သုံးလေးယောက်သာမက၊ သူနာပြုသင်တန်းသူလေးများပါ ဝိုင်းနေကြသည်။

အနီးဆုံးထိရောက်အောင် တိုးကြိတ်ဝင်လုကြည့်ကြသည်မှာ သူ့ထက်ငါ။ တခြားမွေးလူနာများထက် ဤမွေးလူနာ၏ခုတင်ဘေးတွင်သာ ဝိုင်း၍ကြည့်နေကြခြင်းဖြစ်သည်။

အကြောင်းမှာ ယခု ကလေးမွေးပေးနေသည့်ဆရာဝန်သည် သားဖွားဆောင်၏ သဘောကောင်းလွန်းလှသည်ဟု နာမည်ကြီးလှသော၊ လူချစ်လူခင်များလှသော Senior Assistant Surgeon ဒေါက်တာလင်းထက်နောင်ဖြစ်နေသောကြောင့်ပင်။

တော်တန်ရုံအမှားလုပ်မိလျှင်တောင် အပြုံးလေးနဲ့ရှင်းပြတတ်သူမို့၊ မည်သည့်ကိစ္စမဆို ဒေါသထွက်ခဲလှသူမို့ ဒေါက်တာလင်းထက်နောင်နှင့်ဆို ပညာရရန်အတူတွဲဝင်ချင်သူကများလှသည်။

အပြုံးချိုချို၏နောက် ရည်မွန်သောရုပ်ရည်ကြောင့်လည်း အမျိုးသမီးဆရာဝန်များအကြားသာမက သူနာပြုဆရာမလေးများ၏ကြားတွင်ပါ ရေပန်းစားလေသူ။

သို့သော် မြင်သာမြင်မကြင်ရသလို ​ရင်မှာအစဥ်ကြင်နာရသည့် ဆိုင်သူရှိပြီးသားဟုသော သတင်းကလည်း သိသူများအကြားတစ်မျိုး၊ မသိသူများအကြားတစ်ဖုံ။

"ဆရာ နာလာပြီ"

ကလေးအမေက နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့ရင်းဆိုလာသည်။ တိုးထွက်လာချင်သော ကလေးငယ်၏တွန်းအားကြောင့် မိခင်၏ဝမ်းဗိုက်ကလည်း သိသိသာသာ လုံးတက်လာသည်။ ကလေးကောက်သည့်ဆရာမလေးက ပိတ်စအနှီးဖြူကို အသင့်ပြင်လိုက်သလို ဒေါက်တာလင်းထက်နောင်သည်လည်း ချက်ချင်းလှုပ်လှုပ်ရှားရှားဖြစ်လာသည်။

သားဖွားခန်းက ရင်ခုန်သံ(သားဖြားခန္းက ရင္ခုန္သံ)(Complete)Where stories live. Discover now