အပိုင်း (၅/u)

5.2K 518 9
                                    

မူပိုင် အပိုင်းငါး။    ။

" ဒေါ်လေးမြ "

အရင်ကလို ကုမ္ဗဏီအလုပ်များမရှိတော့သောကြောင့် တစ်နေ့တာသည် အတော်လေးအားလပ်နေ၏။ ပျင်းလာတိုင်းဖတ်ဖြစ်သော ဝတ္ထုစာအုပ်များသည်လည်း အရေအတွက်မနည်းတော့ပေ။ ထို့ကြောင့် အစ်မရီ၏ အကြံပေးချက်အတိုင်း အပျင်းပြေအောင် ချည်ထိုး‌ဖြစ်လေသည်။

တစ်ယောက်တည်း ဧည့်ခန်းထဲတွင် ချည်ထိုးနေခိုက် နံဘေးသို့ ခပ်ကျုံ့ကျုံ့ရောက်ရှိလာသူသည် မေပုံ့။ မေးဆက်ပြသော်လည်း စကားဆက်မလာခဲ့ပေ။ ထို့ကြောင့် ထိုးလက်စချည်အား စားပွဲပေါ်ခဏတင်ကာ စကားစပေးလိုက်သည်။

" ဘာကိစ္စတုန်း မေပုံ့ "

" သခင်မလေးပြန်မလာတာ ဆယ့်သုံးရက်တောင်ရှိနေပြီနော် ဒေါ်လေးမြ "

ဟုတ်ပါရဲ့။ ဆယ်ရက်ဟုပြောကာ ထွက်သွားသူသည် ယခုဆိုလျှင်ဖြင့် အချိန်လွန်ချေပြီ။ လန်ဒန်သို့ မူပိုင်စတင်ထွက်ခွာသွားသောနေ့မှစ၍ စိတ်တို့ပေါ့ပါးခဲ့သည်မှာ ယခုသူ့အကြောင်းမစခင်အထိပင်။ လွမ်းနေဟုပြောခဲ့သော်လည်း သတိတစ်ချက်လေးမှမရခဲ့ပါ။ မေ့မေ့ပျောက်ပျောက်နေနိုင်ခဲ့မိ၏။

" လန်ဒန်ကို မြန်မာပြည်ထက်တောင် သူကကျွမ်းဦးမှာပါ။ သိပ်စိတ်မပူနေနဲ့ မေပုံ့ "

မေပုံ့သည် သူ့သခင်ကိုတော့ အတော်လေးတွယ်တာရှာ၏။ အလုံးစုံမသိသော်လည်း မေပုံ့အား လူကုန်ကူးသူထံမှ မူပိုင်ပြန်ဝယ်လာခဲ့သည်ကိုတော့ သိထားခဲ့ပြီးဖြစ်သည်။

" ဦးမင်းပိုင်ကို မေးကြည့်ပါလားဟင်။ သခင်မလေးနဲ့ အဆက်အသွယ်ရရဲ့လားလို့ "

" မမေးချင်ပါဘူးကွယ်။ သွားတော့ လုပ်စရာရှိတာလုပ် "

မေပုံ့ထွက်သွားသည့်အခါ ဆိတ်ငြိမ်သွားသော ထိုအရပ်အဝန်း။ နံရံထက်မှ နာရီသံတဂျောက်ဂျောက်နှင့် အသက်ရှူသံ ခပ်တိုးတိုးသာ ပျံ့လွင့်နေခဲ့သည်။ တစ်ဆယ့်သုံးရက် .. စိတ်ပူရမည်လား။ ဝမ်းသာရမည်လား။

မှေးစက်နေကျ ကုတင်သည် ယခုကာလများတွင် အတော်လေးကျယ်ဝန်းနေခဲ့၏။ တစ်လဆိုသော ကာလတိုထဲ အကျင့်ဖြစ်သွားခဲ့ပြီဖြစ်သည့် ဘယ်ဘက်ခြမ်း၌သာ အိပ်စက်တတ်ခြင်း။ တစ်စုံတစ်ဦးမရှိနေသည်ကိုပင် ကျူးကျုးကျော်ကျော်မအိပ်ဖြစ်။ မနက်ခင်းတိုင်း နာရီသံပတ်ပေးကာ အိပ်ရာထသော်လည်း မူပိုင်၏ ထတော့လေဟူသော လူနှိုးစက်လေးမဟုတ်သည်ကြောင့် နားထဲတော်ရုံနှင့် တိုးမပေါက်ခဲ့ပါ။ အနွေးဓာတ်ပေးသော ရင်ခွင်နှင့်လှစ်ဟာခဲ့သည်မှာ တစ်ဆယ့်သုံးရက်တိတိရှိလေပြီ။

မူပိုင် [အတွဲ တစ်]Where stories live. Discover now