မူပိုင် အပိုင်းတစ်ဆယ့်ငါး။ ။
ကျုပ်ဆီအရောက်လာခဲ့ပေးပါ ...
ပြတင်းပေါက်ဘောင်ကို အမှီပြုလို့ မတ်တပ်ရပ်နေသော အမျိုးသမီးတစ်ဦး။ ဟန်ပါပါလက်ပိုက်ထားကာ သူမရောက်ရှိနေသည့် အခန်းကျယ်ထဲသို့ ဝေ့ဝဲကြည့်နေလေသည်။ ပတ်ပတ်လည်လည် နံရံတိုင်းတွင် တည်ရှိနေသော ပန်းချီကားချပ်များ။ ပြန့်ကျဲနေသည့် ဆေးရောင်စုံဗူးများဟာ အမြင်မလှလောက်အောင်အထိ။ ထို့အတူ ချိုးပဲ့နေသော စုတ်တံများလည်း ကြမ်းပြင်ပေါ်၌ ပွစာကြဲနေလေသည်။
" ခင်ဗျားက ဘယ်သူလဲ "
ထိုစကားကို နှုတ်ကနေထုတ်ဆိုလို့ အခန်း၏အလယ်တည့်တည့်နေရာသို့ လျှောက်လာခဲ့လေသည်။
" ခင်ဗျားဘယ်သူလဲလို့ ကျုပ်မေးနေတယ်လေ "
လွင့်စင်သွားသော အဖြူရောင်ပုဝါစ။ တစ်ပြိုင်နက်တည်းမှာပဲ ပေါ်ထွက်လာသည့် လက်ရာမြောက်ပန်းချီ။ ထိုပန်းချီကားသည် အခန်းထဲ၌ရှိနေသော အခြားပန်းချီကားချပ်များထက် အဆမတန်ကြီး၏။ ဘောင်မကွပ်ထားရသေးသည့် တစ်ခုတည်းသော ပန်းချီလည်းဖြစ်သည်။
" နောက်တစ်ခါ ကျုပ်အိမ်မက်ထဲ ရောက်လာဦးမယ်ဆိုရင် မျက်နှာကိုပြသွား။ မဟုတ်လို့ကတော့ ဒီပန်းချီကားကို ကျုပ်မီးရှို့ပြစ်မှာ "
ထပ်တူကျသော အိမ်မက်တစ်ခုတည်းကိုပဲ မက်နေသည်မှာ ခြောက်လနီးပါးကြာခဲ့လေပြီ။ အလန့်တထိတ် နိုးထလာရသော ညတွေအလယ်မှာ ကျုပ်ရင်ဘတ်ကြီးတစ်ခုလုံး အမွှန်းခံလိုက်ရသလိုမျိုး အင်မတန်နာကျင်ရသည်။
စက္ကူပန်းတွေ၊ သွေးနီနီတွေနဲ့ အမျိုးသမီးတစ်ဦး၏ မထင်မရှားပုံရိပ်တွေ။ တစ်ခါတလေ ငိုသံများကိုလည်း ကြားရသေးသည်။ ထိုအိမ်မက်မက်ပြီးသည့်ညတိုင်း ဘယ်လိုနည်းနဲ့မှ ကျုပ်ဆက်အိပ်၍မရပါ။ မျက်ရည်တွေသာ အသွင်သွင်ကျလို့ နာနာကျည်းကျည်း အော်ဟစ်မိ၏။
အဖြူရောင်မြန်မာဝမ်းဆက်လေးနှင့် ထိုအမျိုးသမီး။ ခန္ဓာကိုယ်ကောက်ကြောင်းမှာ အပြစ်ပြောဖွယ်ရာ မရှိသော်လည်း မျက်နှာအနေအထားကို မသိရသေးသည်မို့ ပန်းချီကားဟာ မပြည့်စုံသေးပေ။ စိတ်ကူးယဉ်ပြီး ဖြည့်ဆွဲလိုက်လို့ ရပါသော်လည်း ကျုပ်မလုပ်နိုင်ခဲ့ပါ။ ထိုတစ်မျက်နှာလေးကိုမြင်ချင်သည်၊ အသေးစိတ်ရေးဆွဲချင်သည်။
YOU ARE READING
မူပိုင် [အတွဲ တစ်]
Romance⁽⁽ ရိုင်းတယ်ထင်ရင် ပြန်ချစ်လိုက် ကျုပ်လိမ္မာပေးနိုင်တယ် ဒေါ်ဒေါ် ⁾⁾