မူပိုင် အပိုင်းကိုး။ ။
အိမ်သို့ပြန်ရောက်သောအခါ ညကိုးနာရီခွဲလေပြီ။ အဝတ်အစားများလဲကာ မြ ဘုရားခန်းဆီသို့ ဦးတည်ထွက်လာလိုက်သည်။
ဘုရားဝပ်ပြုနေစဉ်အတွင်း နားထဲပဲ့တင်ထွက်နေသော အသံခပ်သဲ့သဲ့ကြောင့် အာရုံမရတော့ပေ။ ကုသိုလ်ပြုမှ ငရဲရဆိုသလိုမျိုး။ ထို့ကြောင့် ပြီးပြီးရောရှိခိုးလို့ အမြန်ပြန်ထွက်လာခဲ့ရသည်။ မြရဲ့ လက်ရှိအဖြစ်က ဆယ်ကျော်သက်အရွယ်အူရိုင်းလေးလိုပင်။
" ကျုပ်က ခင်ဗျားကိုပဲချစ်တာလေ "
" မမုန်းဘူးလား "
" ချစ်တယ် "
ဆိုးလိုက်တာ ကလေးလေးရယ်။
မင်းကတော့ အေးအေးလူလူရေချိုးနေနိုင်ပေမယ့် မြကတော့ ဘုရားကိုတောင် ဖြောင့်အောင်မရှိခိုးနိုင်ခဲ့ဘူး။ ချစ်တယ်ဆိုသော စကားလေးဟာ နားထဲကြိမ်ဖန်ထပ်အောင် ကြားနေရပေမယ့် ရိုးအီသွားခြင်းဆိုတာ မရှိခဲ့။ နောက်ဆုံးတော့ အချစ်ဆိုတဲ့အရာကို မြ လှလှပပကြီး ခံစားနေမိလေပြီ။" ဘာရပ်လုပ်နေတာလဲ ဒေါ်ဒေါ် "
ရေချိုးခန်းရှေ့တွင် တောင့်တောင့်ကြီးမတ်တပ်ရပ်နေသူသည် အသံကြားမှ အသိပြန်ကပ်လေ၏။ ပုံမှန်ဆို ဘုရားဝပ်ပြုပြီးတိုင်း ယောဂီသဘက်အား အမြန်ခေါက်သိမ်းတတ်သော်လည်း ယခုအခါတွင်တော့ ဒီအတိုင်းပခုံးထက်တွင်သာ။ ပြုံးစိစိဖြစ်နေသော မျက်နှာသည်လည်း ကျုပ်ကိုမြင်စဉ်တွင် ခပ်ရဲရဲနီလာ၏။
" ဟို ဟိုလေ "
" ကျုပ်ကိုပြောစရာရှိလို့လား ဒေါ်ဒေါ် "
" မရှိ .. မရှိပါဘူး "
အထစ်ထစ်အငေါ့ငေါ့ပြောနေသူကြောင့် မျက်ခုံးကျုံ့လေသော မူပိုင်။ ထိုအခြင်းအရာအား မြ သတိထားမိသွားသောအခါ ကိုယ်လုံးလေးတုန်တက်သွား၏။
" အမှန်တော့ရှိတယ် "
" ဟုတ်ပြီ ပြော "
" သီချင်းဆိုပြပါလား နားထောင်ချင်လို့ "
ကြံရာမရသည့်အဆုံး မြ ပြောချင်ရာပြောလိုက်မိသည်။ နောက်ဆက်တွဲရလဒ်ဟာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ မြ လက်ခံမည်။ရန်ဖြစ်စကားများရမယ်ဆိုလျှင်လည်းဖြစ်၏။ အရေးကြီးတာက မြ ရင်ထဲမှာရှိနေတဲ့ စကားလေးတစ်ခွန်းအား ထုတ်မပြောဖြစ်ဖို့ပေ။
YOU ARE READING
မူပိုင် [အတွဲ တစ်]
Romance⁽⁽ ရိုင်းတယ်ထင်ရင် ပြန်ချစ်လိုက် ကျုပ်လိမ္မာပေးနိုင်တယ် ဒေါ်ဒေါ် ⁾⁾