အပိုင်း ၁ ။ အမှိုက်ကြယ်

965 34 0
                                    

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ
အပိုင်း ၁ ။အမှိုက်ကြယ်

ကောရှို့တစ်ယောက် အဖမ်းခံလိုက်ရပြီလေ။

ဒီသတင်းက ကြယ်စုတွေကြားမှာ ကြောက်စရာကောင်းလှသည့်အရှိန်နှင့် ပျံ့နှံ့သွားသည်မှာ ရောဂါပိုးမွှားတွေ အများကြီးပွါးပြီး ကူးစက်ပျံ့နှံ့သွားသည့်နှယ် စမတ်ဘရိန်းမျက်နှာပြင်လေးတွေအကုန်လုံးမှာ ဒီသတင်းက နေရာယူထားတော့သည်။

နာမည်ကလွဲ ဘယ်ဆီဘယ်ဝယ်မှာရှိနေသလဲဆိုသည်ကို လုံးဝခန့်မှန်းလို့မရသည့် အလိုရှိခံရဆုံးရာဇဝတ်ကောင်ဟာ နောက်ဆုံးတော့ တကယ်ကြီး အဖမ်းခံလိုက်ရသည်ကို မည်သူမှ မယုံနိုင်ကြပေ။

ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာတဲ့လဲ။

ဒီလို စဉ်းစားမိတဲ့အချိန်မှာပဲ လူတွေရဲ့မျက်လုံးတွေဟာ နဂါးငွေ့တန်းရဲ့ဟိုးအစွန်းဘက်တွင် ရှိနေသည့် ကြယ်စုတရားရုံးရှိရာစီ ရောက်သွားပြီး စူးစိုက်ကြည့်မိလိုက်ကြသည်။

ပြောကြတာတော့ ကောရှို့ကို ထိုနေရာမှာ တိတ်တဆိတ် ချုပ်နှောင်ထားကြသည်တဲ့လေ။
——-

တရားသူကြီးတစ်ယောက် ကြည့်ရသည်မှာ ပင်ပန်းလွန်းလို့ ခြေကုန်လက်ပန်းကျပြီး ဖွတ်ဖွတ်ညက်ညက်ကြေနေသည့်နှယ်။
အကြောင်းမူကား သူ့ရဲ့ကိုယ်ပိုင် စမတ်ဘရိန်းလေးထဲကို တဖွဲဖွဲဝင်လာနေသော မက်ဆေ့ဂျ်စာတွေကြောင့်ဖြစ်ပြီး သူဖွင့်ကြည့်လိုက်တဲ့အခါမှာလည်း တူညီသည့်အကြောင်းအရာတွေပဲ ထပ်နေတဲ့စာပေါင်းသန်းနဲ့ချီကိုသာ ပြူးနေအောင်တွေ့ရလေသည်။ စာတွေမှာကား အင်အားကြီးမားသည့်နဂါးငွေ့တန်းမိသားစုတွေ၊ ဩဇာအာဏာကြီးမားသည့်အသိုင်းအဝိုင်းထဲက တစ်ဦးတစ်ယောက်ချင်းစီတိုင်းဟာ တိတ်တဆိတ်တစ်မျိုး ပေါ်တင်တစ်မျိုး၊ မသိမသာတစ်မျိုး၊ တည့်တိုးတစ်မျိုးနှင့် တူညီတဲ့လူတစ်ယောက်တည်းဖြစ်သည့် ကောရှို့အကြောင်းကိုပဲ တူညီတဲ့မေးခွန်းတွေ မေးထားတာဖြစ်သည်။

ကောရှို့က အလိုရှိခံရဆုံးနှင့် အန္တာရာယ်အရှိဆုံး ရာဇဝတ်သားဖြစ်နေသည့်အပြင် သူ့ကိုဖမ်းမိနိုင်လျှင် ကြယ်င်္ဒဂါးစေ့ပေါင်း သန်းပေါင်း ၁ သိန်း ဆုကြေးငွေပေးမည်ဟု ကြေညာထားရုံသာမက သူ့နောက်ကွယ်က မရေမတွက်နိုင်သည့် အန္တရာယ်များသည့် လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းတွေအပြင် အခုအချိန်အထိ ပျောက်ဆုံးနေသည့် ရက်စက်ယုတ်မာလှသည့် ပဟေဠိဆန်လှသည့်တပ်စုကြီးနှင့်လည်း ကောရှို့ဟာ နာမည်ကြီးကျော်ကြားလှသည်ဖြစ်ရာ ဒီလောက် နာမည်ကြီးလှသည့်လူကို ဖမ်းမိသွားသည်ဖြစ်ရာ ဒီအချက်တွေထဲက တစ်ချက်တည်းနဲ့တင် စကြာဝဠာကြီးတစ်ခုလုံးကို မကြုံစဖူး အုတ်အောသောင်းတင်း ရုတ်ရုတ်သဲသဲဖြစ်သွားစေဖို့ရာ လုံလောက်နေပြီဖြစ်သည်။

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ (ဘာသာပြန်)Where stories live. Discover now