အပိုင်း ၁၈ ။ အမှိုက်ကြယ်

96 14 0
                                    

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ


အပိုင်း ၁၈ ။ အမှိုက်ကြယ်


အီလက်ထရွန်းနစ်ဒေတာမှ ဖြန့်ကျက်ထားသော ပုံရိပ်များအားလုံး ပျောက်ဆုံးသွားသည်။ မဟာမိတ်အဖွဲ့၏ အာကာသယာဉ်ကြီးသည် အမှိုက်တောင်တန်းနှစ်ခုအကြားမှ မြေပြင်ပေါ်တွင် လှုပ်ရှားမှုကင်းမဲ့စွာ ငြိမ်သက်နေသည်။ ခဲပြာရောင် ကောင်းကင်နှင့်အပြိုင် မိုးကုပ်စက်ဝန်းအစွန်းမှ တွဲကျနေသော ဧရာမကြယ်ကြီးသည် မရဏအငွေ့အသက်များ ဖြာထွက်နေသော မျက်လုံးကြီးနှင့် ဆင်တူပြီး ဂြိုလ်ပေါ်မှ လူသားတို့ကို ခြောက်ခြားဖွယ် စိုက်ကြည့်နေသည့်အတိုင်းပင်။

မူလက မိုးကုပ်စက်ဝိုင်း အစွန်အဖျား၌ အနက်ရောင် အစက်အပြောက်များ ခပ်ကျဲကျဲ ပေါ်လာသည်။ နောက်ပိုင်းတွင်မူ လူတစ်ဦးပြီး တစ်ဦး ပူးပေါင်းမိသွားကာ စမ်းရေနှင့် မြစ်ရေတို့ ဆုံသွားသည့်အတိုင်း လှိုင်းလုံးကြီးများအဖြစ်သို့ ပြောင်းလဲကာ အာကာသယာဉ်ကို အရှိန်အဟုန်ပြင်းပြင်းဖြင့် ဝါးမြိုတော့မည့်အတိုင်းပင်။ လူအုပ်ကြီးသည် အာကာသယာဉ်ရှိရာသို့ မနားတမ်း တဟုန်ထိုး ပြေးဝင်လာကြသည်။ နှစ်ပေါင်းများစွာ မြိုသိပ်ခဲ့ရသော နာကျည်းမှုနှင့် ဒေါသတို့ ပေါင်းဆုံမိသွားသည့်အခိုက်အတန့်တွင် ကြောက်စရာကောင်းသော အဖျက်စွမ်းအားများပါ ပေါ်ထွက်လာပြီး သူတို့အရှေ့တွင် တွေ့သမျှ အတားအဆီးတိုင်းကို အမှုန့်ကြိတ်ချင်နေကြသည်။ လက်ရှိအခြေအနေကို အချုပ်ဆိုရသော် သမုဒ္ဒရာထဲတွင် ယက်ကန်ယက်ကန်ဖြစ်နေသော သင်္ဘောနှင့် အရှိန်အဟုန်ပြင်းစွာ မြင့်တက်လာသော လှိုင်းလုံးကြီးများနှင့် တစ်ထေရာတည်း တူညီနေသည်။

အဝေးမှ လှမ်းကြည့်လျှင်တောင် လူအုပ်ကြီး၏ အငွေ့တထောင်းထောင်းထနေသော စိတ်အခြေအနေကို ခံစားမိနိုင်သည်။

ကောရှို့သည် ထိုနေရာနှင့် သိပ်မဝေးသော အမှိုက်တောင်တစ်ခုပေါ်တွင် ရပ်ပြီး တောင်အောက်မှ မြင်ကွင်းကို အေးအေးလူလူ ကြည့်နေသည်။

ကောရှို့၏ နှုတ်ခမ်းပါးလေးတွင် တွဲခိုနေသော အပြုံးကို စိတ်ကျေနပ်မှုရှိသော အပြုံးဟု အဓိပ္ပါယ်ဖော်ရလိမ့်မည်။ ကောရှို့၏ပုံစံသည် သူမွှေးခဲ့သော မီးတဟုန်းဟုန်း တောက်လောင်သွားခြင်းကို ကျေနပ်နေသကဲ့သို့ မထီမဲ့မြင်ဆန်လွန်းစွာ ပျက်ရယ်ပြုနေခြင်းဖြစ်သည်။

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ (ဘာသာပြန်)Where stories live. Discover now