အပိုင်း ၂၀ ။ အမှိုက်ကြယ်

80 14 0
                                    

ပုန်ကန်ထကြွဖို့ မွေးဖွားလာသူ


အပိုင်း ၂၀ ။ အမှိုက်ကြယ်


ကောရှို့သည် ဆေးဌာနချုပ်သို့ သွားသည့်လမ်းတစ်လျှောက်တွင် ထိုင်ခုံကို နုံးချည့်စွာ မှီထားရင်း ဒူးခေါင်းပေါ်သို့ မေးစေ့တင်ကာ စိုးစဉ်းမျှ လှုပ်ရှားခြင်းမရှိဘဲ ခပ်ခွေခွေလေး လိုက်လာသည်။

လူလိုင်သည်လည်း ကောရှို့နှင့် မလှမ်းမကမ်းတွင် တင်ပျဥ်ခွေထိုင်ပြီး လက်နှစ်ဖက်ကို ဒူးတစ်ဖက်တစ်ချက်စီတွင် တင်၍ မျက်လုံးများကို တင်းကျပ်စွာ ပိတ်ထားသည်။ ပြတင်းပေါက် အပြင်ဘက်ရှိ ကြယ်ပင်လယ်မှ ဖြာထွက်နေသော အလင်းရောင်များက လူလိုင်၏ မျက်နှာကို ရောင်ပြန်ဟပ်လျက်ရှိသည်။

အာကာသယာဉ်ထဲတွင် ထူးဆန်းသော အငွေ့အသက်တစ်မျိုး လွှမ်းခြုံထားသည်။ ထိုအငွေ့အသက်သည် သိပ်သည်းပြီး တရွေ့ရွေ့ စီးဆင်းနေသော အရည်တစ်မျိုးကဲ့သို့ လူတိုင်း၏ နှလုံးသားထံ ပျံ့နှံ့သွားကာ လေးပင်မှုတစ်မျိုးကို ခံစားရစေသည်။

ထို့ကြောင့် အာကာသယာဉ်ပေါ်မှ အမှုထမ်းများမှာ စိတ်အနှောင့်အယှက်ဖြစ်စေမည့်အလုပ်မျိုး မလုပ်ရဲကြဘဲ တိုးညှင်းစွာ အသက်ရှုကာ အသံမထွက်အောင် နှေးနှေးကွေးကွေး လှုပ်ရှားနေကြသည်။ ရုတ်တရက်ဆိုသလိုပင် သူတို့အားလုံး ဟောလ်ကို သတိရမိသွားကြတော့သည်။ ဤတစ်ကြိမ်တွင် ကပ္ပတိန်ဖြစ်သူ လူလိုင်ကိုယ်တိုင် ဆေးဌာနချုပ်သို့ အားတက်သရော လိုက်သွားခြင်းကြောင့် ပင်မယာဉ်ပေါ်မှ ကိစ္စအဝဝကို ဖြေရှင်းပေးရမည့်တာဝန်က လက်ထောက်ဖြစ်သူ ဟောလ်ထံသို့ အလိုလို ရောက်ရှိပြီးသားဖြစ်သွားသည်။ ဤနေရာတွင် ဟောလ်မရှိခြင်းကြောင့် ကပ္ပတိန်လူလိုင်၏ ကြောက်မက်ဖွယ်ရာ ဖိအားအရှိန်အဝါများ ယာဉ်အမှုထမ်းများပေါ်သို့ တိုက်ရိုက်ကျရောက်နေပြီး ယာဉ်အမှုထမ်းများမှာ ရင်ထဲတွင်သာ ကြိတ်ငိုကြွေးနေရတော့သည်။

သူတို့အတွက် လူလိုင်နှင့် အတူရှိနေရသော မိနစ်တိုင်းစက္ကန့်တိုင်းသည် ရာစုနှစ်တစ်စုပမာ ရှည်ကြာလွန်းလှသည်။

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ (ဘာသာပြန်)Where stories live. Discover now