အပိုင်း ၁၂ ။ အမှိုက်ကြယ်

94 15 0
                                    

ပုန်ကန်ထကြွဖို့ မွေးဖွားလာသူ

အပိုင်း ၁၂ ။ အမှိုက်ကြယ်

အာကာသယာဉ်ပေါ်မှ ဤနေရာသို့ ကောရှို့ တစ်ခါမှ မရောက်ဖူးချေ။

ဤနေရာတွင် ချမှတ်ထားသော ခုခံရေးစနစ်သည် အခြားနေရာများထက် ပိုတင်းကျပ်ပြီး စေ့စပ်သေချာမှုရှိသည်။ အဲလ်ဘတ်သံမဏိဖြင့် ပြုလုပ်ထားသည့် အပြင်ဘက် အကာအကွယ်အလွှာသည် အလွန် ဖျက်ဆီးရခက်ပြီး အမှီအခိုကင်းသော ကိုယ်ပိုင်အသိဉာဏ်ဖြင့် လှုပ်ရှားနိုင်သည့် AIစနစ်ကိုပါ ထည့်သွင်းထားသည်။

၎င်းAIစနစ်သည် အာကာသယာဉ်တစ်စင်းလုံး၏ အဓိက မှတ်ဉာဏ်အစိတ်အပိုင်းဖြစ်ပြီး ပြင်ပ အကာအကွယ်အလွှာတွင် ထိခိုက်မှု တစ်စုံတစ်ရာရှိလျှင်တောင်မှ ဤAIစနစ်သည် အမိန့်ထုတ်ပြန်ခြင်းအစရှိသည့်တာဝန်များကို တိကျစွာ လုပ်ဆောင်ပေးနိုင်အုံးမည်ဖြစ်ပြီး တိုက်ပွဲကာလအတွင်း စီမံကွပ်ကွဲမှုအဆင့်ကို ပြီးပြည့်စုံစွာ ထိန်းချုပ်ထားနိုင်မည်ဖြစ်သည်။

လူလိုင်၏ လက်အောက်ငယ်သားများမှာ အစည်းအဝေးခန်းထဲတွင် အသင့်စောင့်နေလျက်ရှိသည်။

တစ် ဦးချင်းစီတိုင်းသည် သူတို့၏ အရှေ့မှ အရောင်တဖျတ်ဖျတ် တောက်ပနေသော ဖန်သားပြင်ကို ငုံ့ကြည့်ပြီး ရံဖန်ရံခါတွင် အချင်းချင်း တီးတိုးစကားပြောနေကြသည်။ လူလိုင် ဝင်လာသည့်အချိန်တွင် သူတို့အားလုံး၏ လှုပ်ရှားမှုများအားလုံး တစ်ပြိုင်တည်း ရပ်တန့်သွားပြီး မတ်တပ်ရပ် အလေးပြုလာကြသည်။

"ကပ္ပတိန်"

လက်အောက်ငယ်သားများ အားလုံးကို လူလိုင် ခေါင်းညိတ်ပြလိုက်သည်။

"ထိုင်ကြပါ"

ထို့နောက် မကြာသေးမီကမှ သူ့လက်ထဲတွင် ဖမ်းမိသွားသော ကောရှို့ကို ကိုယ်တစ်ခြမ်းစောင်း၍ တစ်ချက် လှည့်ကြည့်လိုက်သည်။

ခပ်ဝေးဝေးမှ ပိန်သွယ်သွယ် လူငယ်တစ်ဦးကို မြင်ရချိန်တွင် အစည်းအဝေးခန်းထဲမှ လက်အောက်ငယ်သားများအားလုံးသည် ဤနေရာသို့ ကပ္ပတိန်လူလိုင်တစ်ဦးတည်း ရောက်လာခြင်းမဟုတ်ကြောင်း သဘောပေါက်သွားကြတော့သည်။

ပုန်ကန်ထကြွဖို့မွေးဖွားလာသူ (ဘာသာပြန်)Where stories live. Discover now