Asphodel-25

8.7K 899 119
                                    


ရှယ်ယာရှင်အစည်းအဝေးထဲမှာ ရိပေါ်အတွေးပေါင်းစုံနဲ့ စိတ်တွေပျံ့လွင့်နေတယ်။
အများစုကတော့ ကိုကို့အကြောင်းပဲ...။

ကိုယ်အလေးချိန်ကျပြီး ပိန်လာတဲ့ကိုကို့ကို ဘာအစားကောင်းအသောက်ကောင်းတွေ ဘယ်ဆိုင်က မှာကျွေးရမလဲဆိုတာမျိုး ၊ နည်းနည်းလောက် တိုက်မိရင်တောင် ချက်ချင်းသွေးချည်ဥသွားတတ်တဲ့ ကိုကို့အတွက် နောက်ထပ်မတိုက်မိအောင် အိမ်က ပရိဘောဂပစ္စည်းတွေကို ဘယ်လိုနေရာပြန်ချရင် ကောင်းမလဲဆိုတာမျိုး ၊ မကြာခဏနှာခေါင်းသွေးလျှံနေတဲ့ ကိုကို့ကို သွေးအားကောင်းတဲ့ ပန်းမုန်လာစိမ်း ဘယ်လိုချော့ကျွေးရမလဲဆိုတာမျိုး....။

အတွေးထဲ နစ်မြောနေတဲ့ ရိပေါ်က သူ့ကိုပြစ်ချက်မျိုးစုံရှာပြီး ရာထူးကဖြုတ်ဖို့အကြောင်းပြောနေတာတွေကို ကြားတစ်ချက် မကြားတစ်ချက်....။ ကိုကိုက မနေ့ကတည်းက ဦးလေးဟိုင်ခွမ်းနဲ့အတူနယ်ဘက်ကို ဆေးအဖွဲ့လုပ်အားပေးလိုက်သွားတယ်...။ ဆေးမကုရ မနေနိုင်လို့တဲ့...။
ဆေးမကုရမနေနိုင်ဘူးဆို ဘာလို့အလုပ်ထွက်လဲ။ ကိုကို့အတွေးတွေကို သူလုံးဝနားမလည်နိုင်ဘူး။ သူပဲဉာဏ်မမှီနေတာလား......။

စိတ်ချမ်းသာအောင်လို့သာ လုပ်ချင်ရာလုပ်ခွင့်ပေးလိုက်ရတာ... ။ ကိုယ့်ဦးလေးအရင်းနဲ့တောင် ထိုင်သ၀န်တိုမိနေပြီး ကိုယ့်ရာထူးပြုတ်သွားမလားတောင်မသေချာတဲ့အစည်းအဝေးထဲကို တစ်စက်လေးမှစိတ်မ၀င်စားနိုင်တဲ့ သူ့အဖြစ်...။

တစ်ခါတစ်လေတော့ ကိုကို့ခေါင်းထဲဝင်ပြီး ဘာတွေများစဉ်းစားနေလည်း ဖတ်ကြည့်ချင်တယ်...။ အလုပ်ထွက်ပြီးကတည်းက ဒီတစ်ပါတ်လုံးသူ့အနားက မခွာတမ်းကပ်နေတဲ့ ကိုကိုက အခုကျ လုပ်အားပေးဆိုတာလေးပဲပြောပြီး ထားပစ်ခဲ့ပြန်ရော...။

သူ့မြတ်နိုးရာလေးက တကယ်ကိုနားလည်ရခက် ခန့်မှန်းရခက်လေး.....။

"အခုကစပြီး စီအီးအို ဝမ်ရိပေါ်ကို ရာထူးကထုတ်ပယ်မယ့်အဆိုတင်သွင်းမှုအတွက် ရှယ်ယာရှင်တွေရဲ့ဆန္ဒမဲကောက်ခံမှာဖြစ်ပါတယ်"

ရိပေါ် မဲကောက်ခံတာကို စိတ်မပူပဲ ကိုကို့အကြောင်းပဲ အေးဆေးဆက်တွေးနေလိုက်တယ်။ သူက အရည်အချင်းမရှိတဲ့ ပေါ့သေးသေးလူညံ့တစ်ယောက်မဟုတ်ဘူး။ မနေ့ကတည်းက ရှယ်ယာရှင်တစ်ဝက်ကျော်ကျော်ကို သူ့ဘက်ပါအောင် သူစည်းရုံးခဲ့ပြီးပြီ။

𝓐𝓼𝓹𝓱𝓸𝓭𝓮𝓵Where stories live. Discover now