အခန်း ၂၁၇
“အုတ်ခဲတရား အမှားမရှိ”
ဟောင်ဒုန်အဖွဲ့အစည်းမှ လူများအားလုံး သူတို့၏ ခါးများ ကုန်းကုန်းကွကွ ဖြစ်သည့်အထိ ရီယွမ်ကို သဘောကျစွာ ရယ်မောလိုက်ကြသည်။
ထိုကဲ့သို့ အုတ်ခဲတစ်လုံးကိုင်ပြီး ဓါးတစ်လက်နှင့် ယှဉ်ပြိုင်မည့်သူကို အရူးလို့မခေါ်လျှင် မည်သူ့ကို အရူးလို့ခေါ်နိုင်လိမ့်ဦးမည်နည်း ။ ထိုအချိန်တွင် ဟောင်ဒုန်အဖွဲ့အစည်းမှ လူများ မပြောနှင့် ရီယွမ်အပေါ် အလွန် ယုံကြည်စိတ်ချထားကြသော ကျိုးခိုင် ၊ စုန့်ဇီဂျွန်နှင့် အခြားသူများသည်ပင် အံ့သြသင့်သွားကြကုန်၏။ သူတို့ဘာပြောရမှန်းပင် မသိကြတော့ချေ။
ရီယွမ်က မှော်အစီအရင်များကို ဘယ်လိုနှိုးဆွရမလဲဆိုတာကို လုံးဝမသိထားပေ ။ ကောင်းကင်ဆူပူခြင်းချိတ်တံဆိပ်ကို သူလုံးဝ အသုံးပြုနိုင်လိမ့်မည် မဟုတ်ပေ။
“ကဲ … ငါတို့စလို့ရပြီးလား” အစီအစဉ်ကြေငြာသူက မထင်ထားသော ကိစ္စတစ်ခု ဖြစ်သွားခြင်းကြောင့် အနည်းငယ် အံ့သြသင့်သွားသော်လည်း ပြိုင်ပွဲကို ပြန်လည် အာရုံစိုက်လိုက်သည်။
“ဟုတ်ကဲ့ .. စကြတာပေါ့ .. ကျွန်တော် ပြောဖို့ တစ်ခုရှိသေးတယ် … ကျွန်တော်ကြားတာကတော့ ဟောင်ဒုန်အဖွဲ့အစည်းက လောင်းကြေးဖွင့်ထားတယ်ဆို ၊ ကျွန်တော် နဂါးအကြေးခွံငါးထောင်ကို ဘဏ်ကနေ ချေးထားတယ် … ပွဲနှစ်ဆယ်စာလောက်အထိ ရမလားလို့ပေါ့ … ကျွန်တော်သိချင်တာက သူတို့ မှာ အဲဒီလောက်ထိ ပိုက်ဆံရှိပါ့မလားလို့”
ရီယွမ်သာ ပွဲနှစ်ဆယ်အထိ တောင့်ခံနိုင်ပါက သူ၏ လောင်းကြေးက ဆယ်လေးတစ်လေး ဖြစ်သည်။
သို့သော် တိုင်အီ နတ်ဘုရားမြို့တော်က လူငယ်များ လောင်းကစားကြောင့် ပိုက်ဆံအများအပြား ကုန်ဆုံးသွားမည်ကို မလိုလားချေ။ ထို့ကြောင့် လေးဆယ်ရာခိုင်နှုန်း အကောက် ကောက်ပြီး အမြင့်ဆုံးလောင်းကြေးကို ငါးထောင်အထိသာ သတ်မှတ်ပေးထားခဲ့သည်။
ရီယွမ်က အမြင့်ဆုံးလောင်းကြေး ငါးထောင်အထိ လောင်းထားသည် ဖြစ်ရာ သူအနိုင်ရပါက နဂါးအကြေးခွံ ငါးသောင်း ရရှိမည် ဖြစ်ပြီး နှစ်သောင်းကိုတော့ အကောက်ပေးရမည် ဖြစ်သည် ။