C-233

138 21 0
                                    

အခန်း ၂၃၃
“ဓါးမော့တရား”

ရီယွမ်က ထိုအဘိုးကြီးနောက်မှ လိုက်ခဲ့သည်။ ထောင့်ဖြတ်လှေကားချိုးမှ ဆင်းသက်လာပြီးနောက် မှောင်မိုက်နေသော လမ်းကြားထဲသို့ သူလျှောက်ဝင်လာခဲ့သည်။

ထိုလျှောက်လမ်းလေးက မြေအောက်တွင် ဖြစ်သည်။ မျက်စိကျိန်းမတတ် တလက်လက်တောက်ပနေသော မီးအိမ်ငယ်လေးများကို ဘေးတစ်ဖက်တစ်ချက်၌ ချိတ်ဆွဲထား၏။ သို့သော်မီးအိမ်များမှ အလင်းရောင်က နွေးတေးတေးပင် မရှိကြချေ။

မိနစ်သုံးဆယ်ခန့် အထဲသို့ လျှောက်ဝင်ခဲ့ပြီးသည့်နောက်တွင် ထိုအဘိုးကြီးက ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ “ကဲ … ငါတို့ရောက်ပြီး”

ထိုနေရာတွင်လေများက အေးစိမ့်အောင် တိုက်ခတ်နေကြသည်။ တလွင့်လွင့် တိုက်ခတ်နေသော လေအေးများကြောင့် မီးအိမ်များ၏ အလင်းရောင်က မှိန်တလှည့် ဖျော့တခါဖြင့် ယိမ်းထိုးနေကြသည်။

အဘိုးကြီးက သူ့ကိုယ်ကို ဆတ်ခနဲလှည့်လိုက်သည်။ ထိုလမ်း၏ အဆုံးတွင် ကြီးမားသော ကြေးတံခါးကြီး နှစ်ချပ်ရှိလေ၏။

“ငါတို့ရောက်ပြီး” လူအိုကြီးက သူ၏ အင်္ကျီလက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်။ ကြေးနီတံခါးကြီးကို သူအားကုန်သုံး၍ တွန်းဖွင့်လိုက်ရာ

“ကျွီ … ကျွီ …”

ကြေးနီတံခါးကြီးက ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။ ကြေးနီတံခါးကြီးက အလွန်လေးလံပြီး ထူထဲလှပေသည်။ ဘာကြောင့်ရယ်တော့မသိ ထိုအဘိုးကြီး တံခါးကို တွန်းဖွင့်နေသည်ကို ကြည့်ပြီး ရီယွမ်က အုတ်ဂူတစ်လုံးကို တွန်းဖွင့်နေသည်ဟုသာ ထင်နေမိသည်။

တံခါးပွင့်သွားသောအခါ ထိုအဘိုးကြီးက တံခါးရွက်တစ်ဖက်ကို ကိုင်ရင်း ….. “အင်း .. လေးလိုက်တာ … နောက်ဆုံးတော့ ငါဖွင့်နိုင်ခဲ့ပြီပဲ …. မင်းအထဲဝင်တော့လေ”

အဘိုးကြီးက သာမန်ကာလျှံကာသာ ပြန်ပြောလိုက်သည်။ ရီယွမ်က အနည်းငယ် တုံ့ဆိုင်းနေပြီးမှ အထဲသို့ လှမ်းဝင်လိုက်သည်။ သူခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ၏ ဆံပင်များကို ထောင်တက်သွားစေသည့်အထိ အေးစိမ့်သော အအေးလှိုင်းများကို သူခံစားလိုက်ရသည်။

True Martial World (BOOK 15-16) Where stories live. Discover now