(၁၆)

23.3K 2.6K 131
                                    

Unicode

ကျိုက္ကဆံကွင်းနားရောက်လေ ကားပိတ်လေဖြစ်နေသည်။ သည်လိုနေ့မျိုးဆိုတာ လူအကုန်နီးပါး သွားကြလာကြသည်မဟုတ်လား။ ကုန်းတံတားအောက်နားတွင် ကားများကိုရပ်ခဲ့လိုက်ကြပြီး ကွင်းထဲသို့လမ်းလျှောက်ရင်းဝင်လာကြသည်။ Free Showမဟုတ်၍ လက်မှတ်လည်းပြရသေးသည်။

သန္တာမျိုးနိုင်တို့က သည်ပွဲလာဖို့အတွက်ကို အစောကြီးတည်းက ကြိုစီစဉ်ထားခဲ့ကြပြီး လက်မှတ်လည်း ကြိုဖြတ်ထားကြသည်ဖြစ်၍သာ အဆင်ပြေလေတော့သည်။ သူ(မ)လည်းသွားချင်ချင် အစ်ကိုကိုပါခေါ်သွားဖို့လည်း ကြံစည်ထားသောကြောင့် မရမကနည်းလမ်းဖြင့် အမေကိုအပူကပ်ရန် မြတ်ဘုန်းခန့်နှင့်လက်ဝါးချင်းရိုက်ကာ ကြိုတင်အကွက်ချထားပြီးသားဖြစ်သည်။ တတ်လည်းတတ်နိုင်ကြပါပေ့။

ရွှေထွဋ်တင်ကွင်းထဲသို့ဝင်လိုက်ကြပြီး စတိတ်စင်နဲ့မလှမ်းမကမ်းတွင် နေရာယူလိုက်ကြသည်။ လူလည်း ကွင်းပြည့်လုနီးပါးများလှသည်။ အဆိုတော်တွေကလည်း လူကြိုက်များထင်ရှားလှသော ထိတ်ထိတ်ကြဲနာမည်ကြီးနိုင်ငံကျော်တွေ လာရောက်ဖျော်ဖြေမည်ဟု သိထားရသည်။

အချိန်က ခုနှစ်နာရီကျော်သာရှိသေးသဖြင့် စောသေးသည်ထင်။ ဒီဂျေသီချင်းသံတီးလုံးများနှင့် ခေတ်ပေါ်ကကွက်များကိုသာ ဆိုနေတီးနေကြသေးသည်။ စောသေးသည်လည်းဖြစ်၍ ပြန်ထွက်ကာ ဆိုင်တန်းများဘက်သို့ ပြန်လျှောက်ကြသည်။ သန္တာမျိုးနိုင်တို့သူငယ်ချင်းတစ်စု သွားသမျှနောက်လိုက် သူတို့ကိုဓာတ်ပုံရိုက်ပေး စားချင်တာဝယ်ကျွေး လိုချင်တာဝင်ဝယ်လိုက်ကြဖြင့် အချိန်မှာလည်းညဥ့်ဦးယံကို တဖြည်းဖြည်းကျော်လွန်လာပြီဖြစ်သည်။

ထို့နောက်ပွဲကြည့်မည့်နေရာသို့ တစ်ခါပြန်ဝင်လာလိုက်ကြသည်။ ဂီတသီချင်းများမှာလည်း မြူးလာပြီဖြစ်၍ လူတွေမှာလည်းခုန်ပေါက်ကာ ကနေကြသည်။ မိန်းကလေးသုံးယောက်က ဝေယံမျိုးနိုင်တို့၏အရှေ့တွင် နေရာယူကာ၊ သူတို့သူငယ်ချင်းအဖွဲ့ထဲမှ စုံတွဲတစ်တွဲနှင့် နောက်ကောင်လေးသုံးယောက်မှာတော့ ဘေးဘက်တွင်နေရာယူ၍ ရှိနေကြလေသည် ။

I Want A Son-In-Law [Completed] Where stories live. Discover now