(၂၉)

18.5K 2K 155
                                    

Unicode

သီတင်းကျွတ်ပိတ်ရက်၏ ဒုတိယမြောက်နေ့ ။ သို့မဟုတ် ယောက္ခမအိမ်တွင်နေရသည့် နှစ်ရက်မြောက်နေ့ပင်။

အိမ်ခေါင်းရင်းဘက်ခြံထောင့်ရှိ ခရေပင်ပေါ်မှ ငှက်ငယ်များကလည်း တကျီကျီအသံပေးကာ ထပါတော့ဟု နှိုးနေသယောင်။ အိမ်ရှေ့လမ်းမတန်းဘက်ဆီမှ ဖြတ်သွားဟန်တူသော ပဲပြုတ်သည်၏ဈေးခေါ်သံကလည်း တစာစာ။

ဝေယံမျိုးနိုင်၏အခန်းမှ ကုတင်ခေါင်းရင်းဘက်ခြမ်းရှိ ပြတင်းတံခါးကို ညကတည်းကဖွင့်အိပ်ကြသည်ဖြစ်ရာ မနက်မိုးလင်းနေထွက်သည်နှင့် အလင်းရောင်က ခပ်ပျပျဝင်လာလေတော့သည်။ မျက်နှာပေါ်သို့ နေရောင်ခပ်နွေးနွေးကျလာသည်နှင့် အိပ်နေသည့်လူတို့မှာလည်း လူးလွန့်ကာလာလေ၏။

ဘေးပတ်လည် လေဟာပြင်ကလွဲ၍ မည်သည်မျှမရှိသည့် အထပ်မြင့်တိုက်ခန်းတွင်နေခဲ့သည်မှာ ကြာ၍လားမသိ။ ငှက်သံများလူသံများကြောင့် ဆက်အိပ်၍မရတော့ပေ။ မြတ်ဘုန်းခန့်လည်း မျက်စိနှစ်လုံးဖွင့်ကာ ကိုယ်လက်များကိုဆန့်တန်း၍ အကျောဖြေလိုက်၏။

ဝေယံမျိုးနိုင်မှာတော့ မနိုးသေးပေ။ နှိုးလည်း မနှိုးချင်။ အိပ်ရေးဝဝအိပ်ပါစေလေဆိုကာ ခါးနားထိလျှောကျနေပြီဖြစ်သော စောင်ကိုဆွဲယူပြီး ပုခုံးပေါ်သို့ခြုံပေးလိုက်သည်။

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ချစ်ရသူလေး၏ ကြည်လင်နေသောမျက်နှာလေးကို မနက်ခင်းတိုင်းမြင်ရသည်ဖြစ်သော်လည်း ရှူမဝပေ။ မျက်နှာနုနုပေါ်သို့ ဟိုတစ်ကွက်သည်တစ်ကွက် နေရောင်ကျနေသည်ဖြစ်ရာ နိုးသွားမည်စိုးသဖြင့် ကုတင်ပေါ်မှအသာထ၍ ပြတင်းပေါက်ရှိတံခါးရွက်နှစ်ချပ်ကို ခပ်ဖြည်းဖြည်းစေ့၍ပိတ်လိုက်သည်။

ကုတင်ရှိရာသို့ပြန်လျှောက်လာပြီး ဝေယံမျိုးနိုင်၏ ဖြူဥနေသောပါးပြင်လေးကို လက်မဖြင့်အသာပွတ်ကာ ငေးနေရင်းမှ နှဖူးပြင်ပေါ်သို့ အနမ်းတစ်ပွင့်သက်ဆင်းလိုက်၏။ သည်အပြုအမူလေးများကလည်း အိမ်ထောင်ကျပြီးတည်းက မရိုးနိုင်သော မနက်ခင်းကဗျာလေးတစ်ပုဒ်ပင်။

ထပ်မံ၍နမ်းမည်အပြု တံခါးခေါက်သံ တဒေါက်ဒေါက်ကြားလိုက်ရသည်။

I Want A Son-In-Law [Completed] Where stories live. Discover now