ဝက်နံရိုးကို အရင်ကြော်နေရသည်မို့ ဆီတို့က တဖောက်ဖောက်နဲ့ လက်တစ်ခုလုံး စုတ်ပြတ်နေလေပြီ။ အဖုံးအုပ်ထားသော်လည်း ဟိုဘက်၊ဒီဘက် လှန်ချိန် ဆီပေါက်လိုက်ပုံမှာ ဗုံတီးနေသယောင်။ ဒေါ်ကြီးက ကူညီသော်လည်း တစ်ခါပြပြီး ဘေးမှာသာနေခိုင်းလိုက်သည်။
"အ့......."
မျက်လုံးထိလာစင်သည့် ဆီစက်ကြောင့် မျက်စိတစ်ဖက်အီစိမ့်သွားသည်ကြောင့် မျက်လုံးကိုပွတ်သပ်ပြီး ကြိုးစားဖွင့်လိုက်သည်။ အသားတွေတူးတော့မှာကို မလိုလားပေ။ အရသာရှိရှိလေးကို ညီ့အတွက်ချက်ပေးချင်သည်။
ချက်ပေးထားတာ ကောင်းသည်ဟုမပြောလျှင်တောင် ညီ့အကြိုက်ဆုံး အစားအစာကို ပြုံးပြီးစားနေတာမြင်ရလျှင်ပဲ ကျေနပ်ပါပြီ။"ရရဲ့လား သူဋ္ဌေးလေးရယ်....."
"ရတယ် ရတယ်......"
တစ်သျှူးကိုကိုင်ကာ လက်ဝါးထဲထည့်ပြီး နာသွားသည့် မျက်ဝန်းကို လက်နဲ့အုပ်ကာ ဆက်လက်ကြော်နေသည့် ဉာဏ်သုက ဇွဲလျော့မည့်ပုံမပေါ်ပေ။
နာနတ်သီးလှီးနေရင်း တစ်တုံးနဲ့တစ်တုံးက မတူချေ။ ကူညီပေးမည်ဆိုသည်ကိုလည်း လက်မခံပါပဲ ဓားကိုလဲ သေချာမကိုင်တတ်နဲ့တော့ သင်ပေးနေသည့် ဒေါ်ကြီးရင်မောနေလေသည်။"အတုံးတွေမညီဘူး....
နာနတ်သီး ကျန်သေးလား...နောက်တစ်လုံးထပ်ထုတ်ပေးဦး...""သုံးလုံးမြောက်ပဲ သူဋ္ဌေးလေး မရှိတော့ဘူး....
မေမေကြီးလာရင်တောင် စားဖို့မရှိတော့ဘူး........"အံ့သြသွားသည့် သူဋ္ဌေးလေးက ပါးစပ်အဟောင်းသားနဲ့မော့ကြည့်ပြီးနောက်
"သွားဝယ်လိုက်မယ်လေ.... ဒါသွန်လိုက်....."
"အမလေး..... ကျွန်မ ပြန်လှီးပေးပါ့မယ်... မသွားပါနဲ့တော့....နာနတ်သီးလဲ သုံးလုံးကုန်....
ဝက်နံရိုးတွေလဲ ၂အိုးရှိပြီ.....""ကျွန်တော်က ကိုယ့်လက်နဲ့ သူ့ကို ကိုယ်တိုင်လုပ်ကျွေးချင်လို့ပါ...."
သက်ပြင်းကိုချလာသည့် ဒေါ်ကြီးက ဘာကိုဆိုလိုသည်လဲ သိသည်ထင်ပါသည်။
"နောက်ရက်တွေကျ ကိုယ်တိုင်ချက်ကျွေးပေါ့ ခုတော့အတူတူလုပ်ပြီး သင်ယူလိုက်လေနော်.....
နောက်တစ်ခါကျ ဘယ်လိုချက်ရမလဲ သူဋ္ဌေးလေးကသိသွားပြီလေ......."