အပိုင်း ( ၁၃ ) ( Z + U )

109 11 4
                                    

ညကြယ်ရောင်တို့က ဟိုတစ်စုသည်တစ်စုဖြင့်
မှိတ်တုပ်မှိတ်တုပ်ညင်သာစွာ လင်းလက်နေကြသည်။
လပြည့်ရက်ဆိုသည့်အတိုင်းလည်း
နက်မှောင်နေပါသည့် ကောင်းကင်တစ်ခွင်လုံးက
စန္ဒာလမင်း၏ အရှိန်အဝါတို့ကို ပိုမို လင်းလက်တောက်ပစေသည့်နှယ် ...
ကမ္ဘာလောကတစ်ခွင်လုံးပေါ်သို့ ကျဆင်းနေသော
လမင်း၏ အလင်းရောင်တို့သည် ရွာတော်လမ်းမတစ်လျှောက် အလင်းတိုင်မလိုလောက်အောင်ကို လင်းထိန်နေလုမတတ်ဖြစ်နေတော့သည်။
ရွာတော်လမ်းတလျှောက်မှာလည်း ကန်တော် သွားဖို့ပြင်ဆင်နေကြသူတွေ ၊
ပြေးလွှားဆော့ကစားနေကြတဲ့ ကလေးငယ်တွေ
ကြာမြောပွဲအတွက် ပန်းကြာခွက်ကိုယ်စီကိုင်ကာ
သွားလာနေကြတဲ့ မိန်းမပျိုတွေ ၊ ရွာဦးစေတီဖူးမြော်ရင်း ကန်တော်ပွဲကို ဆင်နွှဲကြမယ့် ယောဂီသဘက်ကိုယ်စီခြုံလွှားထားကြတဲ့
သက်ကြီးအရွယ်အဖိုးအဖွားတွေဖြင့် ရွာလမ်းတလျှောက်လည်း
စည်ကားဆူညံနေတော့သည် ။

တပါးရွာတော်များကဲ့သို့ ပျော်ပွဲရွှင်ပွဲတွေ
ဈေးဆိုင်တန်းတွေ မပါသော်ငြားလည်း
တင့်တယ်ခမ်းနားလှပါသည့် ကိုယ့်ရွာတော်ပွဲ ... ။ကိုယ့်ရွာတော်မှရွာသူရွာသားများအတွက် တသီးတသန့်ဆင်နွှဲခွင့်ရတဲ့ ပွဲတော်မို့လည်း
ရွာတော်တစ်ခုလုံးက ကြာမြောပွဲဆိုပါလျှင်
ချစ်မြတ်နိုးတန်ဖိုးထားကြသလို အဘယ်အရပ်ကိုရောက်နေနေ ရောက်အောင်ပြန်လာပြီးဆင်နွှဲကြတဲ့ ဓလေ့လေးပါပင်။
ချစ်မြတ်နိုးစရာကောင်းလှပါဘိ ...

တခမ်းတနားဝတ်ဆင်လေ့မရှိပါသည့် အကိုသူရကိုယ်တိုင်တောင် ယနေ့တော့ ထူးထူးခြားခြားဝတ်ဆင်ထားသည့်ပုံမှာ တင့်တယ်လွန်းလှသည်။
ဆင်စွယ်ရောင်အပေါ်ထပ်ထားသည့်ဝတ်ရုံတွင်
ရွေစတို့ဖြင့်အနားကွပ်ကာ ရွှေကျယ်သီးတို့တလက်လက်ဖြင့်တောက်ပနေသည့် ဝတ်ရုံမျိုးသည် သာမာန်လူတန်းစားမျိုးက အလွယ်တကူဆင်မြန်းနိုင်သည့် ဝတ်ရုံမျိုးမဟုတ်ပါချေ ။
နန်းရိပ်နန်းငွေ့တို့ ကိန်းအောင်းနေသလို ရာဇဂုဏ်အပြည့်အမောက်တို့ဖြင့် ထည်ဝါလွန်းလှသည့်ဝတ်ရုံမျိုးသည် ထီးဘုရားကြီး၏ဆုတော်လာဘ်တော်တွေထဲက တစ်ခုဖြစ်ပေလိမ့်မည်ဟု ကောက်ချက်ချမိရသည်။
ကြက်သွေးရောင် တောက်နေသော ခေါင်းစည်းပုဝါစသည် အကိုသူရ၏ ရှင်းလင်းတောက်ပနေသည့် နဖူးပြင်နှင့် လွန်စွာပနံတင့်လွန်းလှသလို ထိုပုဝါစနှင့် အရောင်အဆင်းတူသည့် လုံချည်စသည်လည်း အကိုသူရအား နှစ်လိုဖွယ်ဖြစ်စေရသည်။
ခြေခုံဝင်းဖန့်ဖန့်ပေါ်လွင်နေသည့် ခြေနင်းသည် အကိုသူရ၏ခြေလှမ်းတိုင်းအပေါ် ခမ်းနားစွာ ပေါ့ပါးနေစေတော့သည်။
တပါးရွာသူများသာ အမှတ်မထင် အကိုသူရနှင့် ဆုံလိုက်ပါလျှင် အကိုသူရအား မြို့စောင့်အရှင်မင်းလို့တောင် ထင်မှတ်မှားနိုင်လောက်သည် အထိ ခန့်ညားလွန်းလှသည့် အမျိုးသားပါပင် ...
အံ့ဩမှင်သက်ရလောက်ပါသည်။

ရွှေစိတ်တော် မညှိုးနွမ်းရော့စေ‌ / ‌ရွှေစိတ်တော် မညှိုးနွမ်းရော့စေWhere stories live. Discover now