အပိုင်း ( ၇ ) ( Z + U )

180 18 12
                                    

မွန်းတည့်နေကြောင့် တစ်တောလုံး လင်းကာထိန်နေသည်။
သစ်ရွက်ခြောက်တို့က ရွက်ဟောင်းဖြစ်ကာ သစ်ပင်တို့မှကြွေကျနေကြသောကြောင့် သစ်ကိုင်းရိုးတံများ ဟိုတစ်စုသည်တစ်စုဖြစ်နေကြသည်။
တောကျေး တောဌက်တို့်သည်လည်း အပူဒဏ်ကိုခိုကိုးရန် နေရာရှာမရကြသဖြင့်တစာစာအော်မြည်တမ်းရင်း
ဟိုမှသည်မှ ပျံသန်းပြေးလွှားနေကြသည်။

ရွာမှလှည်းများ နံနက်လင်းကြက်တွန်ချိန်ကတည်းကထွက်ခဲ့ပေမယ့်
သည်လောက်မပူခဲ့ပေ။ နေမြင့်လာသည်နှင့်အမျှ
ပူလောင်အိုက်စက်သည့်ဒဏ်တို့ကို လူးကာလှိမ့်ကာခံစားရတော့သည်။
တောတွင်းကိုဖြတ်၍မောင်းနှင်နေသော လှည်းများမှာ
မြတ်မဟာမောင်တို့လှည်းသာမဟုတ်ပဲ အစီးပေါင်းနှစ်ဆယ်ခန့်ရှိလေသည်။
လှည်းရှိသူတို့ကလှည်းဖြင့်လိုက်ပြီး
လှည်းမပါသူတို့က ခြေလျှင်လိုက်လာကြသည်။
ရွာမှ စထွက်ခါစက ပျော်ရွှင်စွာလိုက်ပါခဲ့ကြသူများလည်း
ပူပြင်းလှသည့်နေအပူဒဏ်ကြောင့် မောဟိုက်နွမ်းလျလာကြသည်။
ဤသည်မှာတောင် သစ်ရိပ်ဝါးရိပ်အနည်းငယ်ရှိ၍သာ
အနည်းငယ်သက်သာနေကြခြင်းဖြစ်သည် ။
ကန္တာရကဲ့သို့သော လွင်တီးခေါင်ပြင်သာဆိုပါလျှင်
ပါလာသမျှလူများလည်း ကျွတ်ကျွတ်ဆူကာလောင်မြိုက်လောက်ပေမည်။
အညာနွေ၏ပူပြင်းမှုတို့က ဤမျှလောက် စာနာမှုကင်းမဲ့စွာပြင်းထန်လှသည်ပင် ... ။

လှည်းပေါ်သို့တင်ခေါ်သွားကြဖို့ရာလည်း မဖြစ်နိုင်။
ဘုရားပွဲမှာရက်အပြည့်နေထိုင်ကြမည့်သူများနှင့်
ဈေးရောင်းကြမည့်သူတို့်က စားအိုးစားခွက်များ ၊ ပရိဘောဂများနှင့် ရောင်းမည့်ပစ္စည်းများ အပြည့်အမောက်တင်လာကြသောကြောင့် သူတို့လူဖြင့်သူတို့ပင်ပြည့်လျှံနေကြသည်။

နွေရာသီ၏ နေရောင်ပြင်းရှရှတို့သည်လည်း ဦးခေါင်းပေါ်သို့တိုက်ရိုက်ကျဆင်းနေကာ နေအပူဒဏ်ကိုမခံနိုင်ကြသည့် ကလေးငယ်တို့ကလည်း
ငိုကြွေးနေကြတော့သည်။

နေပူကကျဲကျဲ ၊ ချွေးသံကရွှဲရွှဲ ... ။

လူများ ၊ နွားများ ၊ လှည်းများအားလုံးကိုတန်း၍ကြည့်လိုက်သောအခါ
မျက်စိတဆုံးဖြစ်နေတော့သည်။
အားလုံးအနက်နွားမောင်းသူများမှာ အပင်ပန်းဆုံးဖြစ်ကြပေသည် ။ ဦးဆောင်ကာခရီးနှင်ရသော ခေါင်းဆောင်လှည်းကနွားမောင်းသူက အပင်ပန်းဆုံးဖြစ်သည်။
တခြားသူတော့မဟုတ် အကိုသူရပင် ...

ရွှေစိတ်တော် မညှိုးနွမ်းရော့စေ‌ / ‌ရွှေစိတ်တော် မညှိုးနွမ်းရော့စေWhere stories live. Discover now