အပိုင်း ( ၁၆ ) ( Z + U )

198 9 6
                                    

" မဟာ !!!!!! "

ပင်ပန်းကြီးစွာ နိုးထလာရတဲ့သူတယောက်လို
အတင်းရုန်းကန်ကာ လူးလှိမ့်အော်ဟစ်လိုက်မိတော့မှ
မျက်ဝန်းထဲမှ ပျောက်ကွယ်သွားရပါသည့်မြင်ကွင်းတို့ ...

အမှောင်ထုတစ်ခုက မျက်လုံးကိုပိတ်နှောင်ကာထားသလို
မျက်လုံးတို့မှာ လေးလံစွာ ဖွင့်လှစ်လို့မရနိုင်ပါ။
ညီငယ်ဘာဖြစ်သွားသလဲ ...
ညီငယ် ဘယ်ရောက်သွားရော့သလဲ ဆိုတဲ့ အမေးတွေသာ တခုဆီတန်းစီအတွေးတွေထဲ ပြည့်ကြပ်နေပါသောလည်း ပွင့်ကျမလာသည့် နှုတ်ခမ်းတို့ကလည်း အာစေးမိထားသည့်လူတယောက်ကဲ့သို့ ခက်ခဲလွန်းလှစွာ ...

ဘာတွေဖြစ်ကုန်တာလဲ
ဘာတွေဖြစ်ကုန်ရတာလဲ
ဒီလောကမှာ အသက်ရှင်ရက်နဲ့ သေနေသလို အဖြစ်မျိုးများရှိနေသေးသလား ...
ဒါကအိမ်မက်လား တကယ်ဖြစ်နေသလားဆိုပြီး အထပ်ထပ်မေးနေပေမယ့် တကယ်တော့
စိတ်ထဲအတွေးထဲမျှသာ ...

" အကိုသူရ အကိုသူရ "

မသဲမကွဲကြားနေရပါသည့် အသံတို့က ပလုံးပထွေးဖြစ်နေရသော်လည်း
ညီငယ့်အသံဆိုတာကို အသေအချာသိရသည်။
ညီငယ်က ကျွန်ုပ်နာမည်ကို အပူတပြင်း တောင့်တနေရလောက်သည်အထိ အော်ဟစ်နေသလို
ကျွန်န်ုပ်ကလည်း ညီငယ့်မျက်နှာကို မြင်တွေ့ချင်လွန်းလှသည်။
အခုတော့ မျက်လုံးတွေကို ဖွင့်မရတာမလို့ စိတ်တို့ကအလိုမကျ။ မှုန်ရီဝေဝါးနေသော အလင်းရောင်တို့က မျက်လုံးတွင်းသို့ ခပ်ဖြေးဖြေးချင်းတိုးဝင်ရောက်လာသည်နှင့်အမျှ
ယခုနကထက် ပိုပြီး ပြတ်သားစွာ ကြားလာရပါသည့် ညီငယ့်အသံတို့ကြောင့် အနည်းငယ် စိတ်သက်သာရာရတော့သည်။
အနည်းဆုံးတော့ ကျွန်ုပ်ကလူ့ဘုံမှာ ရှိနေသေးသလို
ညီငယ်ကလည်း ကျွန်ုပ်ဘေးမှာ ရှိနေသေးတာမို့
စိတ်တို့ကြည်စင်လာရတော့သည်။

" အကိုသူရ သတိရရော့ "

မျက်လုံးတို့ကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်တော့
ပထမဆုံး မြင်ရပါသည့် ရုပ်ပုံလွှာကလေးသည်
စိတ်ချမ်းမြေ့ဖွယ်ရာ ကောင်းလွန်းလှသည် ။
စိုးထိတ်နေသလို မျက်နှာကလေးပေါ်တွင်
ရွှဲလုံးကလေးတွေလို ဝိုင်းစက်စိုလဲ့နေပါသည့် မျက်လုံးကလေးသည် ငိုထားရသည့်ပူံစံလို မို့အစ်နေတော့တာ ...
ပေပွရှုပ်ပေနေသည့် အဲ့ဒီ့ကောင်ငယ်ကလေးရဲ့
ဆံပင်တွေသည်လည်း စည်းနှောင်ထားခြင်းမရှိ
ရှုပ်ထွေးပွရှုပ်ကာ မြေမှုန်များနှင့် ပေကျံနေတာမို့
စိတ်တို့်က တဖန်ပြန်လည် စိုးထိတ်သွားရတော့သည် ။
တသက်တာလုံး သိုသိုသိပ်သိပ်နေထိုင်နိုင်ခဲ့ပါသည့် ညီငယ့်ကို ဘယ်သူက ဒီလို
အိနြေ္ဒမဲ့ပေပွနေအောင် လုပ်လိုက်ပါလိမ့် ... ။
စိုးထိတ်ပူပန်စိတ်တို့ကဦးဆောင်မိတော့ ရုတ်တရတ်ကြီး လူးလှိမ့်ကာထလိုက်မိတော့မှ စူးအောင့်နေပါသည့်ခေါင်းတနေရာကြောင့် ပြန်လဲကျမလိုဖြစ်သွားရသည်ကို ညီငယ်က ဂရုတစိုက်ထိန်းကာ ပြန်လှဲစေသည်။

ရွှေစိတ်တော် မညှိုးနွမ်းရော့စေ‌ / ‌ရွှေစိတ်တော် မညှိုးနွမ်းရော့စေWhere stories live. Discover now