အပိုင်း ( ၄ ) ( Z+ U )

204 20 9
                                    

" လူလေးရာဇ စားရတာ မြိန်ရဲ့လားကွဲ့ "

မွန်းတည့်စာသုံးဆောင်ပြီးတော့ ခြံထဲကပိတောက်ပင်အောက်မှာ အနားယူနေကြခြင်းဖြစ်သည် ။
အကြမ်းရည်သောက်လိုက် ထန်းလျက်စားလိုက်လုပ်နေကြပေမယ့်
ဘာစကားမှမဆိုကြပဲ ငြိမ်သက်နေကြတာမို့
အဖကပင် ဦးစွာ ငြိမ်သက်မှုကို ဖြိုခွဲလိုက်တော့သည် ။
အနေရခက်သူတွေကြားထဲ အဆင်ပြေစေဖို့ လမ်းစတွေ့သွားသလို ...

" မြိန်ပါ့ပေါ့လား အဖသူကြီး
ဆွေမျိုးတောင်မေ့လို့ ရွာကိုတောင် မပြန်ချင်တော့တဲ့အထိပဲဗျ "

" အဟေ့ လူလေးရာဇ မပြန်ချင်ရင် ပျော်သလောက်သာနေပါစ
အဖလည်း သားတစ်ယောက်ထပ်ရသလိုပေါ့ "

" နေလို့ရရင် နေလိုက်ချင်ပါပေ့ အဖရာ
သို့ပေမယ့် သူကြီးဆိုသည့်ဂုဏ်ပုဒ်ကိုတပ်ထားရသ၍တော့
ကိုယ့်ရပ်ကိုယ့်ရွာအပေါ်မှာ သစ္စာမပျက်ပဲ အုပ်ချုပ်ဖို့ လိုအပ်သည်လည်းမဟုတ်လား အဖသူကြီး "

" ဒါတော့ သိပ်ဟုတ်သပါ့ဗျာ
အဖကိုယ်တိုင်ကလည်း ရပ်ရွာအကျိုးသယ်ပိုးနေရသူမို့
လူလေးရာဇ အဘယ်ကိုဆိုလိုချင်သည်ကို နားလည်ရော့တယ်
ဒါဖြင့် ဧည့်နေဖို့ ဘယ်လောက်အချိန်ရှိပါစ "

" မနက်ဖြန်မွန်းတည့်ကျ ပြန်ဖြစ်မယ်အဖသူကြီးဗျ
ရွာမှာ အမှုကြီးငယ်ပေါ်လာရင်
အုပ်ချုပ်မယ့်သူကြီးရှိနေဖို့လိုအပ်တာမို့
အကြာကြီး ဧည့်မနေနိုင်သည်ကို ခွင့်လွှတ်ပေးစေချင်ရော့တယ် "

" အချိန်ရရင်ရသလိုတော့ လှည့်ဝင်ခဲ့နိုင်တယ်ပါ့
အဖအိမ်က တံခါးမရှိ ဓားမရှိ အမြဲကြိုဆိုနေတာမို့
အိမ်း ... ရွှေပြည်တောင်ကလည်း အတော် လှမ်းလွန်းတာမို့
နက်ဖြန်မွန်းတည့်လောက်ပြန်မှ မှောင်ရိပ်ဝင်ချိန်လောက်
ပြန်ရောက်နိုင်လောက်မည်ထင်ပါ့ "

" အဟုတ်ပါ့ အဖ "

အကြမ်းပန်းကန်လုံးကို နှုတ်ခမ်းနားတေ့ပြီး ဖူးခနဲမှုတ်ထုတ်လိုက်သည်နှင့်အမျှ အပူငွေ့တို့ကပျံ့လွင့်ကုန်ကြတော့သည် ။
နေဘယ်လောက်ပူပူ အကြမ်းရည်ပူပူမသောက်ရလျှင်
ရင်ထဲပူသလို နေထိုင်ရတာ ညောင်းချိပင်ပန်းသလိုမို့
အဖကတော့ ဤသည်ကို လူ့စည်းစိမ်ခံစားသည်ဟု
ဆိုခဲ့ဖူးသည်။ ခုလည်းအကြမ်းရည်ကိုငဲ့နေရင်းနှင့်မှ
အဖမျက်လုံးတွေက အကိုရာဇကို ထိုးထိုးပြနေသည်မှာ
တစ်ခုခုကိုဆိုလိုချင်နေတော့သည် ။
အဖနဲ့ အကိုရာဇသာစကားတွေ တောင်စဉ်ရေမရပြောနေပေမယ့် အစကနေအဆုံးထိ ငြိမ်သက်နေသည့်ပုံစံမျိုးကို အဖက သဘောတွေ့ပုံမပေါ်ပါ ...
အိမ်ကိုလာတဲ့ဧည့်နေကိုတော့ အဖက ကိုယ်တိုင်ကိုယ်ကျလည်း ကျေပွန်စွာ ဧည့်ပြုသလို
အိမ်ရှိလူအကုန်လုံးကပါ အဖကဲ့သို့ ဖော်ရွေစေလိုသည်။
ဒါမှ နတ်ရေကန်ဆိုတဲ့ရွာရဲ့ ရွာသူရွာသားတွေက
သူကြီးကအစ လူအကုန် ဖော်ရွေပျူဌာသည်ဆိုသည်မျိုး အမည်ကောင်းဖြင့် နေရာတကာ မျက်နှာမငယ်ပဲ
ဂုဏ်တင့်စေပေလိမ့်မည်။
အဖကိုယ်တိုင်ထမပြောခင် ကိုယ်တိုင်ကိုယ်ကျစကားဦးသမ်းရတော့သည် ။
အဖစိတ် ညိုညင်ရသည်မျိုးတော့ မဖြစ်စေလိုပါ ...

ရွှေစိတ်တော် မညှိုးနွမ်းရော့စေ‌ / ‌ရွှေစိတ်တော် မညှိုးနွမ်းရော့စေWhere stories live. Discover now